ရွှေဘိုတက္ကသိုလ်၌ စာသင်ကြားနေစဉ် မျက်နှာကြက်ပြိုကျ၊ ကျောင်းသူ ၁၂ ဦး ဒဏ်ရာရ
Aung Ko Latt
·
June 27, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရွှေဘိုတက္ကသိုလ်မှာ စာသင်ကြားနေစဉ် မျက်နှာကြက် ပြိုကျလို့ တက္ကသိုလ်ကျောင်းသူ ၁၂ ဦး ဒဏ်ရာရရှိသွားပါတယ်။
ရွှေဘိုတက္ကသိုလ် အဆောင် ၆၊ အခန်း ၆၁၁ (A)မှာ သင်္ချာကထိက ဒေါ်သန်းသန်းအေးက ကျောင်းသား ၉ ဦး၊ ကျောင်းသူ ၆၅ ဦး၊ စုစုပေါင်း ၇၄ ဦးကို စာသင်ကြားနေစဉ် အုတ်ကြွပ်မျက်နှာကြက်ပြိုကျမှု ဇွန်လ ၂၆ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲခန့်အချိန်က ဖြစ်ပွားခဲ့တာပါ။
မျက်နှာကြက်ပြိုကျမှုကြောင့် စာသင်ခန်းအတွင်း စာသင်ကြားနေတဲ့ ကျောင်းသူ ၁၂ ဦးတို့ ဦးခေါင်း၊ ခါး၊ လက်တို့မှာ ဖူးရောင်ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့လို့ ရွှေဘိုဆေးရုံကြီး ပြင်ပလူနာဌာနကို ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိတဲ့အထဲက ဦးခေါင်းဒဏ်ရာရရှိခဲ့တဲ့ မအိအိငြိမ်း၊ မခင်ပပထွန်း၊ မနှင်းကေသီဝင်းနဲ့ ခါးဒဏ်ရာရရှိခဲ့တဲ့ မမေမီလင်းတို့ကိုတော့ ၂၄ နာရီစောင့်ကြည့်ဖို့ လိုအပ်တာကြောင့် အမျိုးသမီး ခွဲစိတ်ကုသဆောင် အရေးပေါ်ဌာနမှာ အတွင်းလူနာအဖြစ် ဆက်လက်ဆေးကုသမှု ခံယူနေရပါတယ်။
အခုပြိုကျခဲ့တဲ့ ကျောင်းဆောင်ကို ရွှေနဂါးမင်းကုမ္ပဏီက ၂၀၀၅ ခုနှစ်မှာ တာဝန်ယူဆောက်လုပ်ခဲ့တာဖြစ်ပြီး ပေ ၁၉၀×၃၀ပေ၊ အမြင့် ၂၄ ပေရှိတဲ့ နှစ်ထပ် RC အမျိုးအစား ကျောင်းဆောင် ဖြစ်ပါတယ်။
ဓာတ်ပုံ- အွန်လိုင်း