Home
မေးမြန်းခန်း
“လက်နက်ကိုင်အဖွဲ့အစည်းတွေက မူးယစ်ဆေးဝါးနဲ့ မကင်းဘူး။” ရဲမှူးကြီးဟောင်း ဦးခမ်းအောင်
DVB
·
June 26, 2017
  ဒီကနေ့ဟာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ပါတယ်။   မြန်မာပြည်မှာ ဘိန်းစိုက်ပျိုးမှု ပပျောက်အောင် လုပ်ဆောင်နေရာမှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေရှိနေသလဲ။ နောင်လာနောက်သားတွေအတွက် မူးယစ်ဆေးဝါးကင်းစင်တဲ့ နိုင်ငံဖြစ်ဖို့ ဘာတွေလုပ်ဖို့ လိုအပ်အပ်မလဲဆိုတာနဲ့ ပတ်သက်လို့  မူးယစ်ဗဟိုဌာနမှာ နှစ်ပေါင်း ၂၀ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲမှူးကြီးဟောင်း ဦးခမ်းအောင်ကို  ဒီဗွီဘီက တွေ့ဆုံမေးမြန်း ထားပါတယ်။ (ဦးခမ်းအောင်ဟာ ဘိန်းစိုက်ဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့  Mae Fahluang ဖောင်ဒေးရှင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှူးတာဝန်ကို လက်ရှိထမ်းေ ဆာင်နေပါတယ်။) တွေ့ဆုံမေးမြန်းချက်အပြည့်အစုံ မေး။ ဆရာကအရင်ကလည်း မူးယစ်ဗဟိုမှာဆိုရင် နှစ်ပေါင်း ၂၀ အထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ အခုလက်ရှိမှာဆိုရင်လည်း မူးယစ်ဆေးဝါးစိုက်ခဲ့တဲ့နေရာမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတယ်ဆိုတော့ ဒီလိုဘိန်းအစားထိုးစိုက်တဲ့ပုံစံမျိုးမှာ ဘယ်လောက်ထိ အခုလက်ရှိမှာ ဘယ်လိုအနေအထားရှိလဲ။ ဖြေ။ “ဘိန်းစိုက်တာကတော့ အရင်တုန်းက ကျနော်တို့ရှိတဲ့ လက်ထက်တုန်းကတော့ သူက အထူးဒေသလို့ခေါ်တာပေါ့လေ။ ကိုးကန့်တို့ ၀တို့ အရှေ့ပိုင်း မိုင်းလားတို့ အတွင်းပိုင်းမှာလည်း ရှိတယ်။ ရှမ်းအရှေ့ အဲဒီဒေသတွေကနေပြီးတော့ အဓိက စိုက်ရာကနေ ကျနော်တို့ရှိခဲ့တဲ့ လက်ထဲမှာပဲ သူတို့က တဖြည်းဖြည်းနဲ့ပျောက်ပျောက်ပြီးသူတို့ ဘိန်းလုံးဝ မစိုက်တော့တဲ့အထိ ရပ်သွားတာရှိတယ်။ Opium free zone ဆိုပြီးတော့ အဲခေတ်က ၀၊ ကိုးကန့်၊ မိုင်းလား၊ မိုင်းလားက အရင်စတာပေါ့။ အဲဒီနောက်ပိုင်းမှာ ဘယ်လိုဖြစ်လာလဲဆိုတော့ ဘိန်းစိုက်တာ အဲဒီဒေသတွေမှာက လုံးဝ မစိုက်တော့ဘူး။ ၀ဒေသတို့၊ ကိုးကန့်မှာလည်း မစိုက်တော့ဘူး။ ဒါပေမယ့် ဘယ်လိုဖြစ်လာလဲဆိုတော့ ဒီမူးယစ်ဆေးဝါး ဘိန်းစိုက်ပျိုးရေးနဲ့ပတ်သက်လို့ ဘိန်းထုတ်လုပ်ရေးနဲ့ပတ်သက်လို့က အခေါ်အဝေါ်ရှိတယ်။ balloon affect လို့ခေါ်တာပေါ့နော်။ ပူဖောင်းပေါ့။ ပူဖောင်းကို တဖက်က ညစ်လိုက်လို့ရှိရင် ဟိုဘက်ကို ဖောင်းသွားတယ်။ ဖောင်းတဲ့ဘက်ကိုညစ်လိုက်ရင် ဒီဖက်ပြန်ဖောင်းတယ်။ အဲဒီသဘောမျိုးပါပဲ။ ဆိုတော့ သူက balloon affect နဲ့ အဲဖက်မစိုက်တော့ပေမယ့် အတွင်းပိုင်းကို ပိုပြီးတော့ စိုက်လာတယ်။ ရွှေ့ပြီးတော့ စိုက်တာပေါ့နော်။ ဒီလူတွေပဲ ရွှေ့စိုက်တာတော့ မဟုတ်ဘူး။ နေရာပြောင်း သွားတာပေါ့။ ဒေသပြောင်းသွားတယ်။ အစတုန်းကလည်း အဲဒီနေရာစိုက်တဲ့သဘော ရှမ်းတောင်၊ ရှမ်းအရှေ့နဲ့ ရှမ်းမြောက်အစပ်ဒေသတွေပေါ့။ ရှမ်းတောင်ပိုင်း၊ ရှမ်းအရှေ့ပိုင်း၊ ရှမ်းမြောက်ပိုင်းမှာလည်း အလားတူပဲ။ အဓိက စိုက်တဲ့နေရာ မဟုတ်ပေမယ့် တခြားနေရာကို ပြောင်းရွှေ့စိုက်တဲ့ သူရဲ့ အလေ့အထားက များပါတယ်။ စိုက်တာက ဟတ်တာ ၅ သောင်းကျော်လောက်ရှိတယ်။ ထွက်တာက တန် ၃၄၀ ကျော်အဲလောက်ပဲ ထွက်တယ်။ ဒါတွေကလည်း ယူအန်အိုဒီစီတို့၊ အမေရိကန်တို့၊ တရုတ်တို့နဲ့ ပူးပေါင်းပြီးတော့ ဒီဘိန်းခင်းတိုင်းတာရေးတွေလုပ်တဲ့ဟာတွေရတဲ့ အဖြေဘဲပေါ့နော်။ ဆိုတော့ ကျနော်တို့က နည်းလမ်းမှားနေတယ်နဲ့ တူတယ်ဆိုပြီးမှ ပြန်သုံးသပ်ဖို့လိုတယ်လို့ ကျနော်တို့ လုပ်တယ်။  ” မေး။ ဆိုလိုတဲ့သဘောက မူဝါဒပြောင်းလဲဖို့လိုတယ်ဆိုတဲ့သဘောလား။ ဖြေ။ “ မှန်တယ်။ မူဝါဒ ပြောင်းလဲဖို့လိုပါတယ်။” မေး။ ဆရာအဲမှာ ဖွံဖြိုးရေးသွားလုပ်တဲ့အခါကျတော့ အရင်ဘိန်းစိုက်ခဲ့တဲ့လူတွေက ဘာကြောင့်စိုက်တယ်လို့ တွေ့ရှိခဲ့ရလဲ။ “ ဘိန်းစိုက်တာက ၂ မျိုးရှိပါတယ်။ အကြမ်းဖြင့်ပြောရရင်တော့ နှစ်မျိုးပေါ့နော်။ ဒီဘိန်းစိုက်တောင် သူတွေရဲ့ဘ၀က တကယ်တမ်းကျတော့လည်း ဘိန်းစိုက်လို့ သူတို့တအားချမ်းသာသွားတယ်၊ ကောင်းစားသွားတယ်ဆိုတာ မရှိပါဘူး။ သူတို့က ဒုန်ရင်း၊ ဒုန်ရင်းပါပဲ။ သူတို့က သူတို့ရဲ့စားဝတ်နေရေးဖြေရှင်းတဲ့ဟာပဲ။ ဒါက ကိုလိုနီခေတ်ကတည်းက ပြောလို့ရှိရင် နှစ်ရာနဲ့ချီနေပြီ သူတို့ရဲ့ဘ၀က ဒီတိုင်းကဒီတိုင်းပဲ။ ပိုတောင်ဆင်းရဲသေးတယ်။ တနှစ်လေမှာဘိန်းခင်းလာဖျက်တယ်။ ရာသီဥတုမကောင်းဘူးဆိုရင် သူတို့အတွက်ဝင်ငွေက မရှိတော့ဘူး။ ဒါနဲ့ပဲ ခုနေရတောပေါ့လေ။ တောင်ယာလုပ်စားတဲ့ဒေသတွေဖြစ်တဲ့အတွက် တောင်ယာစပါး အစားပေါ့။ တောင်ယာလုပ်စားတာသည် ၄၀ ရာခိုင်နှုန်းပဲ စားနပ်ရိက္ခာ ဖူလုံတယ်။ တချို့နေရာလည်း ၆၀ ရာခိုင်နှုန်းပေါ့။ ကျန်တဲ့ဟာကို ဘာနဲ့ဖြည့်ရလဲဆိုရင် အဲလို ဘိန်းတို့ဘာတို့ စိုက်တာပေါ့။ ဘိန်းစိုက်တာက သူက ကာလတို တယ်လေ။ သုံလေးလဆိုရင်ရတယ်။ သုံးလလေးအတွင်းမှာ စိုက်တယ်ဆိုရင်သူက ငွေထွက်တယ်။ ငွေပြန်ရတာပေါ့နော်။ ငွေပြန်ရတဲ့ အပြင် အခုနပြောတဲ့ တချို့ဆိုရင် ကိုယ်တိုင်ဒါကြီး ထမ်းပြီးရောင်းရပြုရတာ မရှိဘူး။ နောက် အကြာကြီးထားလို့ရတယ်။ မရောင်းရသေးရင် အကြာကြီးထားလို့ရတယ်။ ကိုယ်တိုင်ထမ်းပြီး မရောင်းရဘူးဆိုတာ ဘိန်းဝယ်တဲ့လူတွေရှိတယ်။ ဘိန်းကုန်သည်ရှိတယ်။ ဘိန်းကုန်သည်တွေက ရွာစဉ်ရွာဆက်ကို လားတွေမြင်းတွေနဲ့ အိမ်တိုင်ယာရောက်လိုက်ဝယ်တာ။ အဲဒီအပြင်ကို တခါတလေကျရင် ငွေကြိုတောင်ပေးထားသေးတယ်။ သူတို့ငွေလိုတယ်ဆိုရင် ငွေကြိုပေးထား ပြီးတော့ သူတို့အတွက်က စားဝတ်နေရေးပြေလည်တာပဲ ရှိတယ်။ သူတို့ကလေးတွေ ကျောင်းထားမယ်။ ကျန်းမာရေးအတွက်၊ အ၀တ်အစား၊ အစားအသောက် ဒီအသက်မွေး ၀မ်းကျောင်းလေးကို ဒါလေးနဲ့ဖြည့်တင်းနေရတာ။ ဒါက တပိုင်းပေါ့နော်။ နောက်ဘိန်းနဲ့ပတ်သက် တဲ့ဟာကျတော့ စီးပွားရေးအရလုပ်တဲ့လူတွေပေါ့နော်။ အဲဒီကကောက်တယ်။ သူတို့ ဘိန်းဖြူချက်တယ်။ နံပတ်ဖိုး၊ နံပတ်သရီး အကုန်ချက်တယ်။ ချက်ပြီး ကမ္ဘာ့ဈေးကွက်ထဲကို ရောင်းတယ်။ တခြားဈေးကွက်တွေကို ရောင်းတာကျတော့ အမြတ်က အဆမတန်ရတယ်။ အဲလိုလုပ်တဲ့လူတွေကတော့ ချမ်းသာတယ်။ ဆိုတော့ ဘိန်းနဲ့ပတ်သက်ရင်တော့ ဒီလိုမျိုး ၂ ခု ရှိတာပေါ့။ တဖက်က ကျနော်တို့ တားဆီးနှိမ်နှင်းရေးကနေ ဥပဒေနဲ့အညီ တားဆီး နှိမ်နှင်းတာက အခုန ဘိန်းကိုအကျိုးအမြတ်ယူပြီး စီးပွားရေးလုပ်စားတဲ့လူတွေကို ကျနော်တို့ ဖမ်းတာ ဆီးတာ ရှိတယ်။ ဒီဖက်က ကျနော်တို့ ဘိန်းစိုက်တောင်သူတွေကတော့ အခုနပြောတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ပေးနိုင်မှ ဘိန်းစိုက်တာ လျော့သွားမယ်။ ရပ်သွားမယ်။ လုံးဝ ရပ်သွားဖို့တော့ တော်တော်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကြာမယ့်ကိစ္စပေါ့လေ။ အခုနကပြောသလို ထိုင်းနိုင်ငံတောင် အနှစ် ၃၀ ကျော်မှ ဒီအဆင့်အထိရောက်လာတာပေါ့နော်။ ဒါသူတို့နိုင်ငံတကာ အကူအညီအများကြီးရခဲ့တယ်။ ကျနော်တို့နိုင်ငံက လွန်ခဲ့တဲ့ နှစ် ၃၀-၄- ဆိုတာ ကျနော်တို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ မိ၊ ဟိုကပိတ်၊ ဒီကပိတ်ဆို့ ဆိုတော့ ကိုယ့်နိုင်ငံကိုယ်ခြေကိုယ်ရပ် ပြီးတော့ ကိုယ့်ဟာကိုလုပ်ရတဲ့အခါကျတော့ ထင်တိုင်းမသွားတာပေါ့နော်။ အခု နည်းနည်း ခြေစလက်စ ပွင့်လာတဲ့ကာလမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေများများ နယ်စပ်ဒေသမှာ ဘိန်းစိုက်တဲ့ နေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ များများလုပ်ရင် ကျနော်ထင်တယ်။ ဘိန်းစိုက်တာ တကယ်ကိုကျမှာပါ။ ” မေး။ ဟုတ်ကဲ့ အခုန ဆရာပြောသလိုဆိုရင် ဘိန်းစိုက်တောင်သူတွေက သူတို့ရဲ့ ဈေးကွက်က အိမ်တိုင်ယာရောက်လိုဖြစ်နေတယ်ပေါ့။ ဆိုတော့ ဆရာတို့ သီးနှံတွေ သွားပြီးတော့ စိုက်ကြတယ်။ အရင်တုန်းကလည်း ဘိန်းအစားထိုးလက်ဖက်ဆိုပြီး စိုက်ကြတယ်။ ဒါပေမယ့် ဈေးကွက်က ပျောက်သွားတယ်။ ဆိုတော့ အခုဆရာတို့ ဘယ်လိုသီးနှံတွေနဲ့ ပြန်ပြီးတော့ လုပ်နေတာလဲ။ အဲဒါလေးလည်းပြောပြပေးပါဦး။ “အခုနကပြောတဲ့ မေးခွန်းမှာ market ဆိုတာ အရေးကြီးတယ်။ သူ့ marketကဘာရှိလဲ။ ဥပမာ ကျနော်တို့ ရှမ်းအရှေ့ဆိုရင် အနီးဆုံး market ကထိုင်းပေါ့နော်။ အဲတော့ ထိုင်းရဲ့ market က ဘာတွေလိုလဲ။ ဒီစိုက်ပျိုးရေးနဲ့ပတ်သက်လို့ပေါ့့နော်။ ဆိုတော့ လူတွေက ဒေသဖွံ့ဖြိုးရေး ဘိန်းအစားထိုးဆိုရင် အစားထိုးသီးနှံ ပဲပြောတယ်။ အစားထိုးသီးနှံနဲ့မပြီးဘူးပေါ့နော်။ တဖက်က ကျနော်တို့က သူ့အတွက် ဈေးကွက်ကိုရှာပေးရတယ်။ ဒါမှတောင်သူတွေက ဒီကနေ သေချာတာပေါ့။ သူဘိန်းမစိုက်ဘူး၊ ပြောင်းဖူးစိုက်မယ်။ ပဲပုတ်စိုက်မယ်၊ ကော်ဖီစိုက်မယ်။ လက်ဖက်စိုက်မယ်။ ကော်ဖီ၊ လက်ဖက်တို့ကတော့ နှစ်ရှည်တယ်။ ၅ နှစ် ၆ နှစ်လောက်ကြာတာပေါ့။ သူက ၅နှစ် ၆နှစ် ၇ နှစ်ကျမှ အကျိုးခံစားရတာဆိုတော့ အဲဒီမှာတော့ ရင်းထားရတာပေါ့။ သို့သော် ရာသီ၊ နှစ်စဉ်သီးတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်ကအစပေါ့။ ကျနော်တို့ ဈေးကွက်က ရှိတယ်။ အဲဒီဈေးကွက်ကလည်း တည်မြဲနေတဲ့ဈေးကွက်ပေါ့။ ဈေးတော့အတက်အကျ နည်းနည်းရှိမယ်။ ဒါပေမယ့် အမြဲတမ်းလိုနေတဲ့ဟာပေါ့နော်။ အဲလိုဟာမျိုးကို ကျနော်တို့က စိုက်နိုင်၊ ပျိုးနိုင်ရင် သူရဲ့ဝင်ငွေက ဘိန်းဝင်ငွေလောက်တော့မရဘူး။ သို့သော်လည်း အခု နောက်ပိုင်း နည်းစနစ်တွေမျိုးစုံနဲ့ ဈေးကွက်ကောင်းလာတဲ့အခါမှာ ဘိန်းဝင်ငွေထက်ကို ရှင်လာ နိုင်တယ်။ ဆိုတော့ ဘိန်းစိုက်စရာမလိုဘူး။ ဒီလူတွေကလည်း ဘိန်းစိုက်ချင်လို့စိုက်တာ မဟုတ်ဘူးဆိုတာ အစကတည်းကသိတယ်။ သူတို့ကလည်းဟုတ်တယ်။ တခြားဟာ စိုက်ရင် ဘယ်မှာရောင်းရမလဲ ဆိုတာအမြဲတမ်းမေးပါတယ်။ ဆိုတော့ ကျနော်တို့က အဲဒီဟာကို ကြိုတွက်ထားတယ်။ market ကို ကြိုကြည့်ထားရတယ်။ သူရဲ့ဒေသ အပေါ်မူတည်ပြီးတော့ ဘာအသီးအနှံက အကောင်းဆုံးလဲပေါ့။ ပေဘယ်လောက်မြင့်လဲ၊ မြေဘယ်လောက်ကောင်းလဲ။ ရေကောင်းလား၊ အဲဒီအပေါ်မှာတူတည်တယ်။ ရေက အဓိကပါပဲ။ အဲဒီအပေါ် မူတည်ပြီးတော့ ကျနော်တို့က market ကို အဓိကထားပြီးတော့ စိုက်ကြတာပေါ့။  ” မေး။ အခုန ဆရာတွေပြောသွားတဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းက ဘိန်းစိုက်တဲ့ တောင်သူတွေကို ဘိန်းကုန်သည်တွေက ပိုက်ဆံကြိုပေးပြီးတော့မှ စိုက်ခိုင်းတာလည်း ရှိတယ်ဆိုတော့ ဆရာတို့ကောအဲလို ဖွံ့ဖြိုးရေးမှာ ပိုက်ဆံတွေဘာတွေ ကြိုချေးပြီးတော့ လုပ်တာတွေရှိလား။ “နိုင်ငံတော်အနေနဲ့ကတော့ ကျနော်ထင်တယ်။ အဲလောက်ထိမလုပ်နိုင်ပါဘူး။ မလုပ်နိုင်ပါဘူး။ ကျနော်တို့က ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဖို့ပဲ အဓိကျတာပေါ့။ နိုင်ငံတော်ဘတ်ဂျက်က နေပြီးတော့ ဥပမာ မူးယစ်ဗဟိုအနေနဲ့ ဆိုရင်လည်း ပြည်ထဲရေးပေါ့။ ဒါပေမယ့် ဘိန်းနဲ့ ပတ်သက်လို့ တားဆီးကာကွယ်ရေး၊ နှိမ်နှင်းရေး အကုန်လုပ်တာက ဌာနတခုထဲက လုပ်တာ မဟုတ်ဘူးလေ။ ဌာနပေါင်းစုံလုပ်ရတာကိုး။ ကျနော်တို့ခေတ်တုန်းက ခက်တာက ဘတ်ဂျက်မရှိဘူး။ သူတိုရဲ့ဝန်ကြီးဌာနမှာက ဒီဟာအတွက် သီးသန့်ဘတ်ဂျက်မရှိတဲ့ အခါကျတော့ လုပ်ရကိုင်ရတာတော့ နည်းနည်းအကန့်အသတ်ရှိတာပေါ့လေ။ အဲတော့ မူးယစ်ဗဟိုအနေနဲ့ပဲ သီးခြား ဘတ်ဂျက်ထောင်မလားဆိုတာ ကျနော်အရင်တခါ အင်တာဗျူးမှာလည်းပြောတာ ကျနော်တို့ဒီလို  ရန်ပုံငွေ သဘောမျိုးထူ ထောင်ထားရင် ဒီလိုနေရာတွေမှာ သုံးလို့ရတယ်။ ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ဖမ်းဆီးရမိတာတွေက အများကြီးပဲ။ သူတို့ ဒီမူးယစ်ဆေးဝါးကရတဲ့ အကျိုးအမြတ်နဲ့ ကျနော်တို့ အိမ်တွေဝယ်တယ်၊ ကားတွေ ၀ယ်တယ်၊ မြေတွေဝယ်ထား တယ်။ အရင်းအနှီးတွေပေါ့။ အဲဒါတွေကို နိုင်ငံတော်ကနေ ဖမ်းတဲ့အခါမှာ အကုန်ချုပ်ထားတယ်။ နောက်ပြီးအဲဒါကို လေလံတင်တယ်။ လေလံတင်ပြီးတော့ နိုင်ငံတော်ဘဏ္ဍာထဲ ထည့်ပါတယ်။ မှန်တယ်။ သို့သော်လည်း သီးခြားဘဏ္ဍာမဟုတ်ဘဲနဲ့ နိုင်ငံတော်ဘတ်ဂျက်ထဲဝင်သွားတဲ့ အခါကျတော့ ပြန်တောင်းရတာ ခက်တာပေါ့နော်။ ပိုရှုတ်တာပေါ့။ ကျနော်တို့ဆိုလိုတာက နိုင်ငံတကာမှာလည်း ဒီလိုလုပ်ပါတယ်။ ဒီလို confiscative access fund (CAF fund) လို့ခေါ်တယ်။ အဲတော့ trust  fund သဘော မျိုး ထောင်ထားရင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်သမျှဟာတွေဆိုရင် ကားဆိုရင်လည်းကားေ ရာင်းလိုက်။ ဒီ fund ထဲမှာ ထည့်တယ် ဆိုရင် အဲဒီဟာက funding ရှိနေရင် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာပဲ။ ဒီလူလည်းဘ၀ ပျက်တယ်။ တဖက်မှာလည်း ကျနော်တို့က မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းတွေမှာ သုံးလို့ရတယ်။ နိုင်ငံတော်ဆီကနေ လက်ဖြန့်တောင်းနေစရာမလိုဘူး။ ဒီကနေသုံးလို့ရတယ်။ ” မေး။ နောက်ထပ်ကျနော်တို့အနေနဲ့လည်း သတိထားမိတာက ဒီမူးယစ်ဆေးဝါးစိုက်တဲ့ နေရာတွေက လက်နက်ကိုင်ရှိတဲ့နေရာတွေ၊ တရားဥပဒေစိုးမိုးမှုမှာ တော်တော်လေးနည်းတဲ့ နေရာတွေလို့ သိရတယ်ပေါ့နော်။ ဆရာတို့အခု ဘယ်လိုနေရာမျိုးတွေမှာ အကောင်အထည် ဖော်လို့ ရနေလဲပေါ့နော်။ “ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ သတ်မှတ်ထားတာကတော့ white area, brown area, black area ပေါ့နော်။ black area ကတော့ လုံးဝ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တာရားနဲ့ မမှီတဲ့နေရာတွေပေါ့။ အဲရောင်နယ်တွေ၊  အညိုရောင်နယ်မြေကတော့ နှစ်ဖက်စလုံးရှိတဲ့ နေရာတွေပေါ့။ အဖြူရောင်နယ်မြေကတော့ ကျနော်တို့ ဒီရေနံချောင်းလိုနေရာမျိုးဆိုရင် အဖြူရောင်နယ်မြေဖြစ်တယ်။ ဘာမှမရှိဘူး။ နိစ္စဓူဝ ဘယ်အချိန်သွားသွား ထသွား အလုပ်လုပ်လို့ရတယ်။ အညိုရောင်နယ်မြေကျတော့ တပ်ကလည်းရှိတယ်။ တဖက်ကလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်ဆိုရင် အကြောင်းအမျိုးမျိုးနဲ့ အဆင်ပြေနေတဲ့အခါ အပစ်ခတ်ရပ်စဲရေးတို့ အဆင်ပြေတဲ့အခါတော့ လုပ်လို့ရတယ်။ ဒါတောင်မှ နှစ်ဖက်စလုံးကို ကျနော်တို့က ပြောရတာပေါ့။ အသိပေးရတယ်။ ဒါတွေလုပ်နေပါတယ်။ ကျနော်တို့က အဲဒါနဲ့ မဆိုင်ဘူး။ နိုင်ငံရေးနဲ့မဆိုင်ဘူး။ ကျနော်တို့ကဖွံ့ဖြိုးရေးလုပ်နေတာပါဆိုတာကို နှစ်ဖက်စလုံး အသိပေးနေရတယ်။ အကုန်လုံးကိုလိုက်ပြီးတော့ သတင်းပို့ရတယ်။ ဆိုတော့ ကန့်သတ်ချက် တွေက တအားများတယ်။ တခုရှိတာက တပ်ပိုင်းကတော့ ကိုယ့်နိုင်ငံတော်အစိုးရဖြစ်တဲ့အတွက် သိပ်ပြဿနာမရှိပေမယ့် တဖက်က လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေကျတော့ ခက်တယ်။ ကျနော်တို့က တိုက်ရိုက်ဆက်သွယ်ရလည်းခက်တယ်။ မဆက်သွယ်လည်းခက်တယ်။ ပြောရတာခက်တာပေါ့။ သူတို့ဆက်ဆံရေးရုံးတွေရှိရင်တော့ ကောင်းတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ရှိရင် ဒါကျနော် ခဏခဏပြောပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေက မူးယစ်ဆေးဝါးနဲ့ မကင်းဘူး။ ဒါက အထောက်အထားတွေလည်း အများကြီးရှိတယ်။ အများကြီးရှိတယ်။ အထောက်အထားတွေ၊ သူတို့ မကင်းဘူး။ လက်ရှိ ကျနော်တို့လုပ်နေတဲ့ ဒေသမှာလည်း အဲလိုပဲ အကုန်လုံး မကင်းတဲ့ဟာတွေက ကျနော်ထင်တယ်။ ၉၀ ရာခိုင်နှုန်းလောက် မကင်းကြဘူး။ ကင်းတဲ့အဖွဲ့အစည်းလည်း ရှိကြပါတယ်။ အခု ငြိမ်းချမ်းရေးစကားပြောနေတဲ့အခါမှာ၊ ဆွေးနွေးတဲ့အခါမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ Agenda ထဲမှာ ထည့်ဖို့သင့်တယ်။ ဘာလို့လဲဆိုတော့ ဒီလူတွေမကင်းဘူးလို့ သူတို့ကိုလည်း ကျနော်တို့က စွဲပြီး ချိတ်ထားမှ သူတို့လည်း ဒီထဲမှာပါမှ။ သူတို့လည်း state holder ပဲ။ သူတို့လည်း ထည့်ထားမှ သူတို့လည်း ဒါကိုရှင်းပြမှာ။ သူတို့လည်း အခက်အခဲမျိုးမျိုးကြားမှာ ပါနေတယ်ဆိုတာ သူတို့သိတယ်။ သူတို့ ငြင်းလို့မရဘူး။” မေး။ ဆိုလိုတဲ့သဘောက ငြင်းလို့မရတဲ့တွက်ကြောင့် ဒီစိုက်ပျိုးမှုကလည်း ဆက်ပြီးရှိနေဦးမယ့် အနေအထားမျိုးပဲ ရှိနေဦးမှာပဲနော့်။ “မှန်တယ်။ စိုက်ပျိုးရေးမကဘူး။ အခုနောက်ပိုင်းကျတော့ ကျနော်တို့အခုက ဘိန်းအကြောင်းပြောနေတာကိုး။ အခုနောက်ပိုင်းကျတော့ မက်တာဖက်ဒမင်းတို့၊ အိုက်စ်တို့၊ အစုံပါပဲ။ ဒါတွေက ဓာတုဗေဒနဲ့ လုပ်တဲ့မူးယစ်ဆေး။ ဘာမှ စိုက်စရာမလိုဘူး။ ဒီလို အခန်းတခန်းရှိတယ်။ မီးရတယ်။ ရေရတယ်ဆိုရင် လုပ်လို့ရတယ်။” မေး။ နောက်ဆုံးအနေနဲ့ ကျနော်တို့ဆီက ဘိန်းစိုက်ပျိုးမှုက တကယ်တန်း ဟတ်တာနဲ့ချီတယ်လို့ တချို့က ပြောတဲ့အဆင့်ထိဖြစ်နေတယ်ဆိုတော့လေ နောက်ဆုံးအနေနဲ့ ဆရာ့ဘက်က အကြံပြုချင်တာရှိရင်လည်း ပြောပြပေးပါ။ “မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ကတော့ ပြသနာကအရမ်း complex ဖြစ်တယ်။ အရမ်းရှုပ်တယ်။ ခုန ကျနော် ပြောသလို balloon affect တဖက်က ညစ်လိုက်ရင်တဖက်က ဖောင်းထွက်တယ်။ ဒီဖက်ညစ်ရင် ဟိုဖက် ဖောင်းထွက်လာတယ်ဆိုတော့ ကျနော်တို့နိုင်ငံသည် ထုတ်လုပ်တဲ့နိုင်ငံလိုဖြစ်နေတယ်။ ကမ္ဘာမှာ ကျနော်တို့က မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ source country သဘောမျိုးဖြစ်နေတဲ့အတွက် ကျနော်တို့ရဲ့ ပေါ်လစီတွေ၊ မူဝါဒတွေ၊ ကျနော်တို့ရဲ့ ဥပဒေတွေကို ကျနော်တို့ ပြင်ဖို့လိုမယ်။ အကုန်ခြုံပြောရမယ်ဆိုရင်တော့ ကျနော်တို့က ဒီပေါ်လစီ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပေါ်လစီကို ပြန်ပြောင်းဖို့လိုတယ်။ ပြန်သုံးသပ်ဖို့ လိုတာပေါ့။ အခုချက်ချင်း ဒီအစိုးရလက်ထဲမှာ သုံးသပ်နိုင်ရင်ကောင်းတယ်။ သုံးသတ်တဲ့အခါမှာလည်း  balance ဖြစ်ဖို့လိုတယ်။ ပြီးရင်ကျနော်တို့က ဥပဒေတခုပြင်ဖို့ဆိုရင် နှစ်နဲ့ချီတယ်။ ကျနော်တို့ အားလုံးကို ပြန်တိုင်ပင်ရမယ်ဆိုတော့ ဒါပေမယ့်ဒီအချိန်က ကျနော်ထင်တယ်။ အခွင့်ကောင်းလို့ ထင်တယ်။ အခွင့်အခါသာနေတဲ့ကာလ၊ ဒါမှ ကျနော်တို့ရဲ့ကလေးတွေ၊ ကျနော်တို့ရဲ့ နောင်လာနောက်သားတွေအတွက်ကို drug free country ဖြစ်လာမှာပေါ့နော်။ drug free country ဖြစ်ဖို့ဆိုတာကတော့ မလွယ်ပါဘူး။ ဒါပေမယ့် ကြိုးပမ်းရမှာပေါ့။  ” ဟုတ်ကဲ့ပါဆရာ။  ဆရာအခုလိုမျိုးဆွေးနွေးပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024