ညောင်လေးပင်မြို့နယ်တွင် တရားမဝင်ပျဉ်းကတိုးခွဲသားများ ဖမ်းဆီးရမိ
DVB
·
June 26, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၉၆/၅) ရှမ်းရွာကျေးရွာအနီးမှာ ဇွန်လ ၂၆ ရက် မနက် ၉ နာရီအချိန်က တရားမဝင် ပျဉ်းကတိုးသစ်ခွဲသားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်သစ်တောဦးစီးရုံးက ပြောပါတယ်။
မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးတင်စိုးနဲ့အဖွဲ့ဟာ သတင်းအရ ဖြူးမြို့က ဘုရားကြီးမြို့ကို တောင်ငူမြို့နေသူ ယာဉ်မောင်း နိုင်လင်းအောင် မောင်းနှင်လာတဲ့ ယာဉ်အမှတ် 5l /2604 FUSO ၁၂ ဘီးယာဉ်ကို တားဆီးစစ်ဆေးရာ တရားမဝင် ပျဉ်းကတိုးခွဲသား ခန့်မှန်းတန်ချိန် ၆ တန်ခန့် ကာလတန်ဖိုးငွေ ၂၄ သိန်းကျော်နဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
သစ်တောဦးစီးမှူး ဦးတင်စိုးက “ကျနော်တို့ ခု ဖမ်းမိတာနဲ့ပတ်သက်ပြီး သစ်တောဥပဒေ ၄၂ (ခ) နဲ့ တရားရုံးကို ဦးတိုက်လျှောက်သွားမှာပါ။ စွဲချက်တင်တာတို့ အရေးယူတာတို့ကတော့ တရားရုံးက ဆောင်ရွက်မှာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၂ ဦးကို အသေးစိတ် စစ်ဆေးနေပြီး သစ်တောဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
သတင်း - နေလင်းထိုက်