မြန်မာမျက်မမြင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ကိုမြင့် ဂျပန်နိုင်ငံကပေးအပ်သည့်ဆုရရှိ
DVB
·
June 26, 2017
ဂျပန်နိုင်ငံ အိုဆာကာမြို့အခြေစိုက် မျက်မမြင်လူမှုဖူလုံရေးစင်တာ NIPPON LIGHT HOUSE ကပေးအပ်တဲ့ ၂၀၁၇ ခုနှစ်အတွက် TAKEO IWAHASHI အထိမ်းအမှတ် ဂုဏ်ပြုဆုတံဆိပ်ကို မြန်မာနိုင်ငံမျက်မမြင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ရရှိသွားပါတယ်။
မသန်စွမ်းသူတွေ အထူးသဖြင့် မျက်စိမမြင်သူတွေအတွက် မြန်မာနိုင်ငံမှာ အမှီအခို ကင်းကင်းနဲ့ နေထိုင်နိုင်အောင် ၁၆ နှစ်ကြာ ဦးဆောင် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက် အသိအမှတ်ပြုတဲ့ အနေနဲ့ ဂုဏ်ပြုပေးအပ်တာလို့ ဆိုပါတယ်။
“ဆုရရှိတဲ့အတွက် အတိုင်းမသိ ၀မ်းသာပီတိဖြစ်ရပါတယ်။ ဂုဏ်ပြုဆုရဲ့ တွန်းအားပေးမှု ကြောင့် ဘ၀တူမျက်မမြင် ညီအစ်ကိုမောင်နှမတွေအပါအ၀င် မသန်စွမ်းသူ အားလုံးအတွက် ရှေ့ဆက်ကြိုးစားလုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေအပေါ် ကြီးမားခိုင်ခံ့တဲ့ စွမ်းအားတစ်ခု ဖြည့်ဆည်းပေးလိုက်သလို ခံစားရတယ်”လို့ ဦးအောင်ကိုမြင့်ရဲ့ လူမှုကွန်ရက်မှာ ရေးသား ဖော်ပြထားပါတယ်။