Home
မြန်မာသတင်း
ကျပ်သန်းပေါင်း ၅၂၃၆၉၈ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မြို့ကြီး ၃မြို့တွင် မီးရှို့ဖျက်ဆီး
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 26, 2017
  ဇွန်၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာ  ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီး မြို့ကြီး ၃ မြို့မှာ ကျပ်သန်းပေါင်း ၅၂၃၆၉၈ ဒသမ ၂၈၈၈၄ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး လိုက်ပါတယ်။ နေပြည်တော်မှာလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပခဲ့ပြီး ဒုသမ္မတ ဦးမြင့်ဆွေ တက်ရောက်ကာ မူးယစ်ဆေးဝါး ကာကွယ်တားဆီး နှိမ်နင်းရေးလုပ်ငန်းတွေကို ပူးပေါင်းပါဝင် တိုးမြှင့်လုပ်ကိုင်ကြဖို့ကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။ “ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ မူးယစ်ဗဟိုအဖွဲ့ရဲ့ အောက်မှာ ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာတဲ့ ဓာတုပစ္စည်းများအပေါ် သိုလှောင်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှု၊ ဖြန့်ဖြူးမှုတို့ကို နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ကြီးကြပ်ခြင်းဖြင့်လည်း ဓာတုပစ္စည်းများ လမ်းလွှဲမရောက်အောင် ဆောင်ရွက်လျက်ရှိပါတယ်”လို့ ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာတော့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြပြီး ရန်ကုန်မှာ ကျပ်သန်းပေါင်း ၂၉၆၃၉၈ ဒသမ ၃၅၇၂၈ တန်ဖိုး၊ မန္တလေးမှာ ကျပ်သန်း ၃၁၉၆၀ ဒသမ ၅၁၀၄၃ တန်ဖိုးနဲ့ တောင်ကြီးမြို့မှာ ကျပ်သန်း ၁၉၅၃၃၉ ဒသမ ၄၂၁၁၃ တန်ဖိုး ရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီမြို့ ၃ မြို့မှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မူးယစ်ဆေးဝါး ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၈၈၀၀ ရှိခဲ့ပြီး မူးယစ်ဆေးဝါးတွေ ဓာတုပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာဆိုရင် တန်ဖိုးအားဖြင့် ကျပ် သန်းပေါင်း ၆၆၀၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါး အမျိုးအစားတွေဖြစ်တဲ့ ဘိန်း၊ ဘိန်းဖြူ၊ အဆင့်နိမ့်ဘိန်း၊ ဘိန်းဆီခဲ၊ ဆေးခြောက်၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဘိန်းညိုမှုန့်၊ ဘိန်းစားမှုန့်၊ ကတ်တမင်း၊ အက်ဖီဒရင်းနဲ့ ကဖီးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။ ဒီနှစ် ၂၀၁၇ ခုနှစ်ရဲ့ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ကတော့ “Listen FIRST” “လူငယ်များ ပြောဆိုမှုကို ဦးစွာ နားထောင်ပေးပြီး ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါး သုံးစွဲမှု လျော့ကျရေးတွေကို ဆောင်ရွက်ပေး”ပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024