ရှမ်းပြည်တပ်မတော် ဖမ်းမိမူးယစ်ဆေးဝါးများကို ပထမဦးဆုံးအကြိမ် မီးရှို့ဖျက်ဆီး
ခွန်ဇော်ဦး
·
June 26, 2017
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်မီမီ/အက်စ်အက်စ်အေ) ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲစားမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပထမဦးဆုံးအကြိမ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ ဗဟိုဌာနချုပ်နယ်မြေ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ လမ်းခွဲကျေးရွာအုပ်စု၊ ပါခီးကျေးရွာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ဇွန်လပိုင်းအထိ ရှမ်းပြည်နယ်တွင်း မြို့နယ်တွေကဖမ်းမိတာဖြစ်ပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါး အမျိုးအစားတွေနဲ့ ပမာဏကတော့ စိတ်ကြွဆေးပြား ၉၉၉၀၆၀ လုံး၊ ဘိန်းဖြူဆပ်ပြာဗူး ၁၄၁ ဗူး၊ ဘိန်းမဲ ၁၆.၅ ပိဿာတို့ ဖြစ်ပါတယ်။
အခမ်းအနားကို ရှမ်းပြည်တပ်မတော်က ဒုဥက္ကဋ္ဌဗိုလ်ချုပ်ခွန်ဆိုင်းနဲ့ ဗဟိုကော်မတီဝင်တွေ၊ အရာရှိ စစ်သည်တွေ၊ တပ်ဖွဲ့ဝင်မိသားစုတွေ၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းက ဖိတ်ကြားထားသူတွေ၊ ရပ်မိရပ်ဖတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ လူထုပရိသတ်တွေ စုစုပေါင်း လူဦးရေ ၂၀၀၀ ကျော် တတ်ရောက်ခဲ့ပါတယ်။
အခမ်းအနားအပြီးမှာတော့ ရှမ်းပြည်တပ်မတော်က မူးယစ်ဆေးဝါးကို အမျိုးသားအဆင့်အဖြစ် တိုက်ဖျက်သွားဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။