တိုင်ရီ အလုပ်သမားများ ဆက်လက်ဆန္ဒပြ
DVB
·
February 20, 2012
ရန်ကုန် လှိုင်သာယာစက်မှုဇုန်က တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား ၁၀၀၀ ကျော်ဟာ လစာတိုးမြင့်ရရှိရေးအတွက် ဒီကနေ့ ဆက်လက်ဆန္ဒပြနေ ကြပါတယ်။
[caption id="attachment_21450" align="alignleft" width="300" caption="တိုင်ရီ စက်ရုံရှေ့ မြင်ကွင်း"][/caption]
အလုပ်သမားတွေကို သွားကူညီနေတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုကူညီရေးကွန်ရက်အဖွဲ့ရဲ့ ကိုအောင်ဇော်ထွေးက စက်ရုံရှေ့က အခြေအနေကို ခုလို ပြောပါတယ်။
“အခုအခြေအနေကတော့ ၂ ပိုင်းပေါ့ဗျာ။ သူတို့ရဲ့ တောင်းဆိုချက် မရမချင်း ဆန္ဒပြနေတာက တပိုင်း၊ အခု စက်ရုံရှေ့မှာ အလုပ်သမား ၁၄၀၀ ကျော်လောက် ထိုင်ပြီး ဆန္ဒပြနေတယ် ငြိမ်းငြိမ်းချမ်းချမ်းပဲ။ ကိုဖိုးဖြူတို့က သူတို့ဘာသာ ဥပဒေကြောင်းအရ တရားစွဲနိုင်ဖို့ သွားနေတဲ့ အပိုင်းရှိတယ်။ ဒီနေ့ဆိုရင် ဖေဖော်ဝါရီ ၂၀ ထိ ရောက်လာပြီ။ သတင်းဂျာနယ်တချို့က ပြီးသွားပြီဆိုပြီး မှားရေးတဲ့အပေါ်မှာလည်း အလုပ်သမားထုအနေနဲ့ စိတ်ထဲမှာ အတော်လေး မချမ်းမြေ့ဖြစ်နေတယ်။ အလုပ်သမားတွေက ငြိမ်းချမ်းစွာ ဖေဖော်ဝါရီလ ၆ ရက်နေ့ကစပြီးတော့ ဆန္ဒပြနေတဲ့ ကိစ္စဟာ ဒီနေ့ထိ မပြီးဆုံးသေးပါဘူး။ အာဏာပိုင်တွေဘက်ကလည်း အလုပ်သမားတွေ တောင်းဆိုတာတွေကို တိတိကျကျ မလိုက်လျောသေးတဲ့အတွက် ဒီနေ့ချိန်ထိ ဖြစ်ပွားနေဆဲပါ။ ဒါကို သတင်းဂျာနယ်တွေက သတင်းမှားရေးပြီး ပြေလည်သွားပါပြီ၊ လက်ခံလိုက်ပါပြီဆိုပြီးတော့ ရေးတာနဲ့ ပတ်သက်ပြီးတော့ အလုပ်သမားတွေက ကန့်ကွက် ရှုတ်ချပါတယ်။”
ဒီလ ၆ ရက်နေ့ကစတဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုဟာ အဓိကအားဖြင့် တနာရီလုပ်အားခ ၇၅ ကျပ်ကနေ ၁၅၀ ထိရဖို့နဲ့ ရက်မှန်ကြေး တလ ၆၀၀၀ ကနေ ၈၀၀၀ ကျပ်ကို တိုးပေးဖို့ နှစ်ချက်က အဓိကပဲဖြစ်ပါတယ်။
ဒီလ ၁၅ ရက်နေ့ကျတော့ အလုပ်ရှင်ဘက်က တနာရီလုပ်ခကို ၇၅ ကျပ်ကနေ ကျပ် ၁၀၀ ကိုတိုးပေးပါတယ်။ အလုပ်ရှင်ရဲ့ လိုက်လျောချက်ဟာ သူတို့လိုလားချက်နဲ့ ကွာဟနေတာကြောင့် အလုပ်သမားတွေက ဆက်လက် ဆန္ဒပြနေတာပါ။
ဒီလ ၁၈ ရက်မှာတော့ မရမ်းကုန်းမြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခမှုကော်မတီက တိုင်ရီဖိနပ်စက်ရုံရဲ့ ပြဿနာကို လှိုင်သာယာမြို့နယ် အလုပ်သမားရုံးမှာ တင်သွင်းခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့မှာ လှိုင်သာယာ အလုပ်သမားရုံးကို အလုပ်သမား ၄၀ ခန့်နဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးဖိုးဖြူတို့ သွားရောက်ခဲ့ကြပါတယ်။
လိုက်ပါသွားတဲ့ အလုပ်သမားခေါင်းဆောင် တဦးဖြစ်တဲ့ မဝေက အလုပ်သမားတွေရဲ့ လိုလားချက်ကို ပြည့်ပြည့်ဝဝ တင်သွင်းနိုင်ဖို့အတွက် လာမယ့် ၂၂ ရက်နေ့ကို ပြောင်းလဲရက်ချိန်းပေးဖို့ လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။
“အခု ရုံးသွားတာပေါ့နော်။ ဝါဏိဇ္ဇကို အလုပ်သမားတွေရဲ့ တောင်းဆိုမှု တင်လွှာပေါ့။ အခုအချိန်မှာ အလုပ်သမားတွေရဲ့ ဆန္ဒကို အားလုံး ညှိနှိုင်းမှာ ဖြစ်တဲ့အတွက် ရွှေ့ဆိုင်းမှုကို တောင်းဆိုတာပါ။ ၂၂ ရက်ကို ရွှေ့ဖို့တောင်းဆို ထားပါတယ်။”
အလုပ်သမားခေါင်းဆောင်တဦးက အလုပ်သမားဆန္ဒပြပွဲဟာ မြန်မာပြည်မှာ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ့် ဥပဒေ ခိုင်ခိုင်မာမာ မရှိလို့ ဖြစ်ရတာပါလို့ ပြောပါတယ်။