ပင်လယ်ဖျံကြီးနှင့် ရေဘဝဲတို့၏ အသေအကျေတိုက်ပွဲ (ရုပ်သံ)
Published By
DVB | 26 June, 2017
1.1K
0
Share
0
Comment
0
Likes
နယူးဇီလန်နိုင်ငံ ကိုင်ကူရာ (Kaikoura) မြို့မှာ ဇွန်လ ၂၀ ရက် နေ့လယ်က ခရီးသွားဧည့်သည်တချို့ လှေလှော်ခရီးသွားစဉ်အတွင်း ပင်လယ်ဖျံကြီးနဲ့ ရေဘဝဲကြီးတို့ အသေအကျေ တိုက်ခိုက်နေကြတဲ့ ထူးဆန်းဖွယ်ရာ တိုက်ပွဲကို တွေ့ခဲ့ကြပါတယ်။
ဒီ ထူးဆန်းတဲ့အဖြစ်အပျက်ကို ခရီးသွားဧည့်လမ်းညွှန်တဦးဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် ကွန်နာစတက်ပလေဆိုသူက သူ့ရဲ့အိုင်ဖုန်းနဲ့ ရိုက်ကူး မှတ်တမ်းတင်ခဲ့တယ်လို့ ဇွန်လ ၂၂ ရက်နေ့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။
ကွန်နာက လှေစီး ခရီးသွား ၃ ဦးကို ဦးဆောင်လာစဉ် သူတို့ရဲ့အရှေ့မှာ ရေသတ္တဝါကြီး နှစ်ကောင် ခုန်ပျံတိုက်ခိုက်နေတာကို မြင်တွေ့ခဲ့တာပါ။
ရုပ်သံထဲမှာလည်း ၂၆၅ ပေါင်လောက်ရှိတဲ့ ပင်လယ်ဖျံကြီးနဲ့ ရေဘဝဲကြီးတို့ တိုက်ခိုက်နေကြတဲ့ ဇာတ်လမ်းဆန်ဆန်မြင်ကွင်းကို မြင်ရမှာပါ။
ရုပ်သံမြင်ကွင်းတခုထဲမှာ ရေဘဝဲကြီးဟာ လေထဲလွင့်ထွက်သွားသလို ပင်လယ်ဖျံကြီးရဲ့ လက်ကနေ လွတ်အောင်လည်း ကြိုးစားနေတာကို တွေ့ရပါတယ်။
ဒါပေမယ့် တိုက်ပွဲ မိနစ် ၂၀ လောက် ကြာပြီးချိန်မှာတော့ ရေဘဝဲကြီး ရှုံးနိမ့်သွားပြီး ပင်လယ်ဖျံကြီးက ရေဘဝဲရဲ့လက်တွေကို ကိုက်ဖြတ်ခဲ့ပါတယ်။
လမ်းညွှန်ဖြစ်သူ ကွန်နာက “ဒါမျိုးကို ဒီအချိန်မှာ တွေ့ဖို့က တော်တော်မြင်ရခဲတယ်၊ ပုံမှန်ဆိုရင် ပင်လယ်ဖျံတွေက ညနေဘက်မှာ အစာရှာကြတာ” လို့ ပြောပါတယ်။
“ပင်လယ်ပျော်ငှက်အုပ်ကြီး ဒီနားမှာ စုနေတာကို ကျနော်မြင်ကတည်းက တခုခုဖြစ်တော့မယ့် လက္ခဏာပဲ၊ ပြီးတော့ ဒီတိုက်ပွဲ စတော့တာပဲ၊ သူတို့ တိုက်ခိုက်ကြတာလည်း မိနစ် ၂၀ တောင်ကြာပြီး ရေဘဝဲကြီးက ကျနော်မြင်ဘူးသမျှထဲမှာတော့ အကြီးဆုံးပဲ” လို့လည်း ကွန်နာက ဆိုပါတယ်။
“တကယ်က ရေဘဝဲက လွတ်လမ်းမရှိပါဘူး၊ ပင်လယ်ဖျံတွေက တနေ့ကို ရေဘဝဲ ၇ ကီလိုဂရမ်လောက် စားကြတယ်၊ ဒီနားဝန်းကျင်ကတော့ သူတို့အစာရှာဖို့အတွက် အဓိကနေရာပဲ၊ ကျနော်တို့က အပျော်စီးလှေသမားတွေကို ပင်လယ်ဖျံတွေ တွေ့နိုင်တယ်လို့ အမြဲပြောတယ်၊ ဒါပေမယ့် နေ့တိုင်း ပုံစံအမျိုးမျိုးနဲ့ တွေ့ရတတ်လို့ ခရီးသွားတိုင်းက စိတ်ဝင်စားကြတယ်” လို့ လမ်းညွှန်ဖြစ်သူ ကွန်နာက ရှင်းပြပါတယ်။