Live
Home
မြန်မာသတင်း
မောင်တောတွင် အကြမ်းဖက်သမားများက ဓားဖြင့်တိုက်ခိုက်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်နေ
DVB
·
June 26, 2017
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ အကြမ်းဖက်သမားတွေက ရွာသားတွေကို ဓားနဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဇွန် ၂၄ ရက်မနက်က  ကြိမ်ချောင်းကျေးရွာအုပ်စု၊ တရိန်းကျေးရွာသား ဦးစံသာ၊ ဦးကျန်သိန်းအောင်၊ ဦးအောင်ကျော် နဲ့ ဦးကိုကိုသိန်းတို့ လေးယောက်ဟာ ကြိမ်ချောင်း-တောင်ပြို ကားလမ်းအနီး တောင်ခြေက ရေကန်ဟောင်းအနီးမှာ လိပ်ရှာဖွေနေတုန်း ဓားကိုယ်စီ ကိုင်ဆောင်ထားသူ ၈ ဦးရောက်ရှိလာပြီး တိုက်ခိုက်ခဲ့တာလို့ နယ်ခြားစောင့်တပ်ဖွဲ့ကို မေးမြန်းချက်တွေအရ သိရပါတယ်။ အကြမ်းဖက်သမားတွေနဲ့ လုံးထွေးသတ်ပုတ်ပြီးနောက် သာယာကုန်းကျေးရွာ ဘက်သို့ ထွက်ပြေးခဲ့ပေမယ့် အကြမ်းဖက်သမား ၂ ဦးက ဓားနဲ့လိုက်ခုတ်ခဲ့တဲ့အတွက် ဦးကျန်အောင်သိန်း မှာ ဒဏ်ရာရရှိပြီး ဦးစံသာနှင့်အတူ ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့် ဦးအောင်ကျော်နဲ့ ဦးကိုကိုသိန်းတို့နှစ်ဦးကတော့ အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဇွန် ၂၅ ရက်မွန်းလွဲ ၁၁ နာရီလောက်မှာတော့ ပျောက်ဆုံးသွားတဲ့ ဦးအောင်ကျော်နဲ့ ဦးကိုကိုသိန်းတို့ရဲ့  အလောင်းတွေကို တွေ့ရှိရပြီး မောင်တောမြို့ဆေးရုံကို ပို့ဆောင် စစ်ဆေးနေတယ်လို့  ပြည်နယ်ကိုယ်စားလှယ် ဦးမောင်အုန်း ရှင်းပြပါတယ်။ အလားတူ မောင်တောမြို့နယ် ပဒင်းကျေးရွာအုပ်စု ချောင်းတကာရွာမှာလည်း ရာအိမ်မှူး အဘူဟာရှိမ်းရဲ့နေအိမ်ကို ဇွန် ၂၄ ရက်မနက်မှာ  မျက်နှာဖုံးစွပ်အမည်မသိ လူ ၁၅ ဦးခန့် က ဝင်ရောက်လာပြီးဓားနဲ့ခုတ်ခဲ့တဲ့အတွက် နေရာမှာပဲ ရာအိမ်မှူးသေဆုံးခဲ့ပြီး ဖခင်ကို ၀င်ရောက်ကူညီတဲ့ သားနဲ့ သမီးဖြစ်သူတို့လည်း ဒဏ်ရာ ရခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဇွန်လ ၂၅ ရက်မနက်ကလည်း  မြို့သူကြီးကျေးရွာက ဖွေရာ့စ်ရဲ့နေအိမ်ကို မျက်နှာဖုံးစွပ်လူ ၃ ဦး ၀င်ရောက်လာပြီး ဓားနဲ့ခုတ်တဲ့အတွက် ဖွေရာ့စ် သေဆုံးခဲ့ပြီး ညီမဖြစ်သူ ရာရှီနဲ့ ကိုက်ဇာဘီဘီ၊ သားဖြစ်သူ ဂေါ်ဘီတို့မှာ ဒါဏ်ရာရသွားလို့ မောင်တောဆေးရုံကို ပို့ဆောင်ထားရတယ်လို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က သိရပါတယ်။ ဇွန်လအတွင်း အကြမ်းဖက်စစ်သင်တန်းပေးတဲ့ နေရာတွေကို ရှာဖွေတွေ့ရှိ ရှင်းလင်း အပြီးမှာ မောင်တောမြို့နယ်အနှံ့ အရပ်သားတွေရဲ့ နေအိမ်တွေကို ၀င်ရောက်တိုက်ခိုက် သတ်ဖြတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး သေဆုံးမှုတွေ ဖြစ်နေတဲ့ အတွက် စိုးရိမ်မှုတွေ ပိုများလာနေတာလို့လည်း ဒေသခံတွေဆီက သိရပါတယ်။ အခုလို စိုးရိမ်မှုတွေဟာ မူဆလင်တွေမှာလဲ ရှိနေပြီး အစစအရာရာ သတိနဲ့ နေကြတယ်လို့ ဒေသခံ မူဆလင်အမျိုးသား ဦးမောင်လေးကလည်း ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေက လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပေးဖို့နဲ့ ကာကွယ်မှုတွေပေးဖို့ တောင်းဆိုမှုတွေရှိခဲ့ပေမယ့် အစိုးရရဲ့ ဆောင်ရွက်မှုကို အားရမှုမရှိဘူးလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ဒီဗွီဘီကို ပြောပါတယ်။ "အမှန်တကယ် လုပ်နိုင်တာမရှိဘူး။ မရှိလို့လည်း အခုလောက်ထိ ပြဿနာကြီးနေတာ။ တရား ဥပဒေစိုးမိုးဖို့ အရေးကြီးတယ်။ ဥပဒေစိုးမိုးမှုမရှိလို့ဖြစ်ရတာ။ ရွာမှာထူးခြားချက်ရှိလို့ သွားတိုင်ရင် တောင် လုံခြုံရေးက မလာဘူးဗျ။ ဘင်္ဂလီတွေဘက်က သတင်းပေး တိုင်တန်းတာတွေလဲရှိတယ် ဒါကိုလည်း အလေးမထားဘူး။ ကျနော်က လုံခြုံရေးပိုင်းကိုတောင် သံသယမကင်းသလိုလို တွေးမိတယ်။" အကြမ်းဖက်တိုက်ခိုက်သူတွေရဲ့ သတ်ဖြတ်ခံရမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့်  ဒေသခံ တချို့ စိုးရိမ်မှုတွေရှိလာပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေတာတွေ ရှိနေတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကပြောပါတယ်။ "ကျနော့်ကို အင်းဒင်၊ ကျောက်ပန္ဒူ၊ ကိုးတန်ကောက်၊ ချိန်ခါလီ၊ ဒုံးပိုက်တို့ ရွာတွေက ပြေးနေကြတယ်လို့ ကျနော့်ကို ဆက်သွယ်သတင်းပေးတယ်။ အလွန်တရာ စိုးရိမ်ဖို့ကောင်းပါ တယ်။ လုံခြုံမှုမရှိလို့ ဖြစ်လာတဲ့ ပြဿနာတွေပေါ့။ နောက်ပြီး ဘင်္ဂလီ လယ်သမားတွေက အခု လယ်ထွန်မယ့်အချိန်မှာ မထွန်ကြဘူးဗျ။ ဒါဟာ ထူးခြားတဲ့အခြေအနေလို့ ထင်တော့ စိုးရိမ်ကြတာလည်း ပါတယ်။ အဲ့ဒါတွေကြောင့် နေရပ်ကပြောင်းရွှေ့နေကြတာ" လို့ ပြောပါတယ်။ တရိမ်းရွာနဲ့ နီးကပ်တဲ့ ကြိမ်ချောင်းကျေးရွာက အုပ်ချုပ်ရေးမှူး ဘုန်းကိုနိုင်ကတော့ "တရိမ်းဘက်က ရွာသားတွေကတော့ မနေရဲတော့ဘူးလို့ ပြောကြတယ်ဗျ။ ကြိမ်ချောင်းမှာ လောလောဆယ် တည်ငြိမ်နေပေမယ့် အခြေအနေကို စောင့်ကြည့်နေရတာပဲ။ ဈေးဆိုင်တွေ ပုံမှန်ဖွင့်တာတွေ့တယ်၊ ဈေးဝယ်သူတွေလဲ လာနေတုန်းပါပဲ။ ဒါပေမယ့် စောင့်ကြည့်နေရတာပဲ။ လုံခြုံရေးကတော့ အရင်ထက် တိုးထားတယ်လို့သိရတယ်။ တပ်ကလည်း လှည့်နေတာရှိတယ်။ ကျွန်တော်တို့ကတော့ တပ်ကို မရုပ်စေချင်ဘူး" လို့ပြောပါတယ်။ ၂၀၁၆ အောက်တိုဘာ ၉ ရက်ကနေ ၂၀၁၇ ဇွန်လ ၂၀ ရက်နေ့ထိ သေဆုံးသူ ၃၄ ဦးရှိပြီး ပျောက်ဆုံးသူ ၂၂ ဦးရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဇွန်လ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ တိုက်ခိုက်သတ်ဖြတ်ခံရသူ ၃ ဦးရှိပြီး ပျောက်ဆုံးနေသူ ၁ ဦးရှိတဲ့အတွက် သေဆုံးသူပေါင်း ၃၇ ဦးနဲ့ ပျောက်ဆုံးနေသူ ၂၃ ဦးအထိရှိ လာပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ခန့်မှန်းချက်အရ နေရပ်ကစွန့်ခွာနေသူ မိသားစု ၅၀ ကျော်၊ လူဦးရေ ၂၀၀နီးပါးလောက်အထိရှိနိုင်ပြီး နီးစပ်ရာ မြို့ပေါ်တွေက ဆွေမျိုးသားချင်းတွေ ဆီမှာ ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။ ဒီနေ့အထိတော့ ကူညီကယ်ဆယ်ရေးစခန်း ဖွင့်လှစ် ဆောင်ရွက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။ သတင်း - ကိုအောင်၊ ဓာတ်ပုံ - အောင်ကျော်မင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024