ဒေါ်အောင်ဆန်းစုကြည် ၀ါရှင်တန်ကိုလာရောက်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖိတ်ကြား

725
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို တရားဝင်ခရီးလာရောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ဖိတ်ခေါ် လိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အမေရိကန်ပြည်ထောင်စုမြို့တော် ၀ါရှင်တန်ကိုလာရောက်ဖို့ ဖိတ်ကြားခဲ့တာလို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဗွီဘီကိုပြောပါတယ်။
နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးအရဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ခရီးစဉ်အတွက် ရက် မသတ်မှတ်ရသေးဘူးလို့ ပြောပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်တို့ ဇွန်လ ၂၀ ရက်က တယ်လီဖုန်းနဲ့ စကားပြောခဲ့ကြတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကလည်း သတင်း ထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ပြောဆိုရာမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတေလာဆန်က အရှေ့တောင်အာရှဒေသ အပေါ်ဆက်လက်ထားရှိတဲ့ အမေရိကန်ရဲ့ ကတိကဝတ်တွေကို အလေးပေးပြောကြားခဲ့ပြီး အရေးကြီးတဲ့ ဒေသဆိုင်ရာ လုံခြုံရေး စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ် ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ တက်လာပြီးနောက် မြန်မာခေါင်းဆောင်ကို အမေရိကန်ကိုလာရောက်ဖို့ ပထမဆုံးအကြိမ် ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ သမ္မတ အိုဘားမားအစိုးရလက်ထက် ၂၀၁၆ စက်တင်ဘာလက အမေရိကန်ပြည်ထောင်စုကို တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ဖူး ပါတယ်။
ဓာတ်ပုံ- USDOS