Homeမေးမြန်းခန်း
ထိုင်း သတင်းစာဆရာကြီး ကဗွီ ချွန်ကစ်တာဗွန်နှင့် တွေ့ဆုံ မေးမြန်းချက် (ဒုတိယပိုင်း)
ထိုင်း သတင်းစာဆရာကြီး ကဗွီ ချွန်ကစ်တာဗွန်နှင့် တွေ့ဆုံ မေးမြန်းချက် (ဒုတိယပိုင်း)
DVB
·
February 20, 2012
မြန်မာပြည်က လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ အိမ်နီးချင်း အာဆီယံ အသိုက်အဝန်းရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါနေပါလဲ။ ၂၀၁၄ မှာ မြန်မာက အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမယ့် ဂယက်ဟာ အထူးသဖြင့် မြန်မာ့နိုင်ငံရေးနဲ့ ဒေသတခုလုံးအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိလာမလဲ၊ မြန်မာနှင့် အာဆီယံ ဆက်ဆံရေးအကြောင်း သုံးသပ်ချက်တွေ ရေးနေတဲ့ အရှေ့တောင်အာရှ သတင်းဆရာအသင်း စီပါရဲ့ ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံက နာမည်ကြီးသတင်းစာဆရာ၊ ကဗွီ ကို ဒီဗွီဘီ အယ်ဒီတာ ဦးခင်မောင်စိုးက ဒီဗွီဘီစတူဒီယိုကို ဖိတ်ခေါ်ပြီး မေးမြန်း ဆွေးနွေးထားချက် ဒုတိယပိုင်းကို တင်ပြလိုက်ပါတယ်။
မေး - အာဆီယံရဲ့ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကလည်း ဘာမှ ဖိအားမပေးနိုင်ခဲ့ပါဘူး။ အာဆီယံဟာ ဒီမူဝါဒကို ပြန်သုံးသပ်သင့်တယ်လို့ မထင်ဘူးလား။
ဖြေ - အာဆီယံဟာ သူ့ရဲ့ ကျင့်ဝတ်တွေနဲ့ ပတ်သက်ရင် အဓိပ္ပာယ်အသစ် ပြန်ဖွင့်ဆိုထားတာတွေ အတော်များများ ရှိပါတယ်။ တကယ်က ဝင်ရောက် မစွက်ဖက်ရေး မူဟာ အာဆီယံနိုင်ငံတွေ ကျင့်သုံးတဲ့ မူထဲမှာ လူသိအများဆုံး မူဖြစ်ပါတယ်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ရပ်ကိုပဲ ကြည့်ကြည့်၊ ထိုင်းနဲ့ ကမ္ဘောဒီးယား ပဋိပက္ခကိုပဲ ကြည့်ကြည့် အဲဒီမူအတိုင်း သွားတာ တွေ့မှာပါ။ ဒါပေမယ့် အဲဒီ ဝင်ရောက် မစွက်ဖက်ရေးဆိုတဲ့မူကို သိမ်သိမ်မွေ့မွေ့ အသုံးချခဲ့တာတွေ ရှိပါတယ်။ ကျနော်ထင်တယ်။ အခုဆို အာဆီယံ အဖွဲ့ဝင်တွေကြား ပိုပြီး ပွင့်လင်းလာပါပြီ။
အဲဒီ ပွင့်လင်းမှုက ဒေါက်တာ ဆူရင် ကိုယ်တိုင် စခဲ့တာပါ။ သူက ပျော့ပျောင်းတဲ့ ဆက်ဆံရေးကို အဆိုပြုခဲ့တာပါ။ အဲဒီအချိန်က အာဆီယံဟာ လေးနက်တဲ့ အကြောင်းအရာတွေကို ပြောဆိုနိုင်တဲ့ အနေအထားတောင် မရှိသေးလို့ပါ။ နောက်မှ နယ်စပ်ဖြတ်ကျော်တဲ့ ခက်ခဲရှုပ်ထွေးတဲ့ ပြဿနာတွေကို ကိုင်တွယ်လာနိုင်ပါတယ်။ ဥပမာ - ၁၉၉၅ ခုနှစ်မှာ အကြီးမားဆုံးပြဿနာက အင်ဒိုနီးရှားက လေထုညစ်ညမ်းတဲ့ ကိစ္စပါ။ အိမ်နီးချင်း စင်ကာပူနဲ့ ထိုင်းတို့ကိုပါ လေထုညစ်ညမ်းစေပါတယ်။
အဲဒီပြဿနာကို ကျနော်တို့ ကောင်းကောင်း ဖြေရှင်းခဲ့ပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံရဲ့ အခြေအနေကိုလည်း အကြိမ်ကြိမ် အခါခါ ဆွေးနွေး ဖြေရှင်းရပါတယ်။ ကျနော်အထင် အာဆီယံက သူ့ရဲ့ သိမ်မွေ့တဲ့ မူဝါဒကို တဖြည်းဖြည်း ပြန်ဖွင့်ဆိုဖို့ ကြိုးစားပါလိမ့်မယ်။ အခြေခံမူတွေ မထိခိုက်စေဘဲနဲ့ အဲဒီမူကို ပြုပြင် အသုံးပြုဖို့ ကြိုးစားပါလိမ့်မယ်။
မေး - မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာအောင် လုပ်ပေးနေတဲ့ အဓိက အကြောင်းတွေက ဘာတွေပါလဲ။ အာဆီယံရဲ့ အပြုသဘောဆက်ဆံရေးနဲ့ အနောက်တိုင်းက ဖိအားပေးမှုတွေကြောင့် ဖြစ်လာတာလား။
ဖြေ - အကြောင်းတရားတွေ ပေါင်းစုတာကြောင့် ပြုပြင်ပြောင်းလဲမှုကို ဖြစ်စေတာလို့ပဲ ထင်ပါတယ်။ သေချာတာက ပြည်တွင်း အခြေအနေတွေက စတာပါ။ မြန်မာနိုင်ငံကို တိုးတက်စေချင်တယ်၊ ဒေသတွင်းမှာ ဝင်ဆံ့စေချင်တယ်၊ ကမ္ဘာ့အသိုင်းအဝိုင်းထဲမှာ ပါဝင်စေချင်တယ်ဆိုရင် ပြုပြင်ပြောင်းလဲမှ ဖြစ်မယ်လို့ လက်ရှိ အစိုးရနဲ့သမ္မတဦးသိန်းစိန်က သဘောပေါက်လာတာက စတာပါ။
ဒုတိယ အကြောင်းတရားကတော့ အာဆီယံပါ။ အာဆီယံကလည်း မြန်မာအစိုးရအပေါ် လွန်ခဲ့တဲ့ ၁၅ နှစ်လုံးလုံး တောက်လျှောက် တွန်းအားပေးခဲ့တာပါ။ မြန်မာက ဘာမှ အရေးမလုပ်ခဲ့ဘူးလို့တော့ ပြောနိုင်တာပေါ့လေ။
တတိယကတော့ နိုင်ငံတကာအဆင့်မှာ အနောက်နိုင်ငံတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါခဲ့ပါတယ်။
မြန်မာအစိုးရကတော့ - ဘယ်သူရဲ့ ဖိအားကြောင့်မှ ပြောင်းတာမဟုတ်ဘူး။ လမ်းပြမြေပုံရဲ့ နောက်ဆုံးအဆင့်ကို ရောက်ပြီဖြစ်တာမို့ ပြောင်းတာ။ ငါတို့ပြောင်းချင်လို့ ပြောင်းတာ အာဆီယံကြောင့်လည်း မဟုတ်ဘူး၊ နိုင်ငံတကာကြောင့်လည်း မဟုတ်ဘူးလို့အမြဲတမ်း ပြောတတ်ပါတယ်။
ဒါပေမယ့် အာဆီယံဟာ မြန်မာပြည်ကို တိုးတက်အောင်လုပ်တဲ့နေရာမှာ အရေးပါတာ ထင်ရှားပါတယ်။ လက်ရှိမြန်မာအစိုးရက နေရာတခုရလာအောင် ကိုယ့်ကိုယ်ကိုယ် ဘယ်လို လုပ်နိုင်မလဲ။ အာဆီယံရဲ့ အကူအညီမပါဘဲ ဘယ်လို နေရာရလာနိုင်မလဲ။
အာဆီယံကသာ မြန်မာကို ၂၀၁၄ မှာ ဥက္ကဋ္ဌရာထူးပေးဖို့ သဘောမတူခဲ့ဘူး ဆိုရင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာပြည်ကို သွားမှာ မဟုတ်ဘူး။
ဒါကြောင့် အာဆီယံကော၊ နိုင်ငံတကာအသိုင်းအဝိုင်းကော မြန်မာပြည် အပြောင်းအလဲအတွက် ကျေးဇူးပြုခဲ့ပါတယ်။ ပြည်တွင်းအကြောင်းတွေက ပိုပြီး အရေးပါတယ်လို့တော့ ပြောနိုင်ပါတယ်။
မေး - မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေသာ ဆက်ဖြစ်နေမယ် ဆိုရင် အာဆီယံအတွင်းမှာ အခြေခံကျတဲ့ အပြောင်းအလဲတွေ ဖြစ်မယ်လို့ ခင်ဗျားပြောခဲ့တယ်။ ဒေသတွင်း နိုင်ငံတွေကိုလည်း ပြုပြင်ပြောင်းလဲမှုဆီ တွန်းပို့လိမ့်မယ်လို့ဆိုလိုတာလား။
ဖြေ - ဒါက စိတ်ဝင်စားစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံဟာ ဒေသတွင်း မဟာဗျူဟာ အခင်းအကျင်းကို ပြောင်းလဲပေးတဲ့အရာ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ အကြီးဆုံးနိုင်ငံကြီး နှစ်ခုဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယတို့နဲ့နယ်နိမိတ်ချင်း ထိစပ်နေလို့ပါ။
မြန်မာနိုင်ငံဟာ တခြား အာဆီယံနိုင်ငံတွေနဲ့လည်း မတူပါဘူး။ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကိုင်စွဲခဲ့တဲ့ နိုင်ငံပါ။ သံတမန်ရေးရာမှာ အလျင်အမြန် ပြောင်းလဲနိုင်တဲ့နိုင်ငံပါ။
ထိုင်းနိုင်ငံနဲ့ မတူပါဘူး။ ထိုင်းနိုင်ငံက ပျော့ပျောင်းလွန်းတယ်။ အပေးအယူလုပ်ပြီး ညှိလွန်းတယ်။ မြန်မာက ရည်မှန်းချက်ကို ဖော်ဆောင်တဲ့ နေရာမှာ သူ့အနေအထားနဲ့ ပတ်သက်ရင် ပိုတိကျတယ်။ ဦးတည်တဲ့အပိုင်းမှာ ပိုတိကျတယ်။
ဥပမာ - မြစ်ဆုံဆည်ကိစ္စကို ကြည့်ပါ။ နှစ်ပေါင်းအများကြီး တရုတ်နဲ့ အလုပ်လုပ်ခဲ့ပေမယ့် စဉ်းစားပြီးတဲ့နောက်မှာ မြစ်ဆုံဆည်ကို ရပ်မယ်လို့ပဲ ဆုံးဖြတ်လိုက်တယ်။
ထိုင်းနိုင်ငံဆိုရင် ဒါမျိုး ဖြစ်လာနိုင်မယ် မဟုတ်ဘူး။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်စဉ်လည်း ရှေ့ဆက်သွားနေမယ်၊ တိုးတက်နေမယ်၊ စီးပွားရေးလည်း ပွင့်လာမယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း တိုးလာမယ် ဆိုရင် မြန်မာနိုင်ငံက အာဆီယံကို တကယ့် အပြောင်းအလဲတွေ ဖြစ်စေလိမ့်မယ်။ ပထမဆုံးအနေနဲ့ အာဆီယံအတွင်းမှာ ဒီမိုကရေစီကို အရေးထားလာအောင် လုပ်ပေးလိမ့်မယ်။
မေး - မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ အရေးပါတဲ့နိုင်ငံတခု ဖြစ်လာနိုင်တယ်လို့ ဆိုလိုတာလား။
ဖြေ - အရေးပါတဲ့ အပြောင်းအလဲအတွက် တကယ့်အစလို့ပြောနိုင်ပါတယ်။ လက်ရှိအချိန်မှာ ဒီမိုကရေစီကျတဲ့ နိုင်ငံရယ်လို့ အာဆီယံထဲမှာ နည်းနည်းပဲ ရှိသေးတယ်လေ။ ဒီမိုကရေစီဟာ အဲဒီ့ နိုင်ငံနည်းနည်းနဲ့ပဲ ရပ်တည်နေရတာပါ။
အင်ဒိုနီးရှားနဲ့ပတ်သက်ပြီး မှတ်မိမယ်ထင်တယ်။ အင်ဒိုနီးရှားဟာ အာဆီယံထဲမှာ အကြီးဆုံးနိုင်ငံပဲ။ အလွန် ကိုင်တွယ်ရခက်တယ်။ ဆူဟာတိုခေတ်မှာဆိုရင် သူက အမြဲတမ်း ငြင်းဆန်နေခဲ့တာ။ ၁၉၉၈ ခုနှစ်မှာ ရုတ်တရက် ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်လာတယ်။ အင်ဒိုနီးရှားရဲ့ ဩဇာ ပိုကြီး လာတယ်။ ပိုပွင့်လင်းလာတယ်။ အာဆီယံကိုလည်း ပိုပွင့်လင်းလာအောင် လုပ်ပေးတယ်။ နိုင်ငံရေးအရ လုံခြုံတဲ့ အသိုင်းအဝိုင်းတခု ဖြစ်လာအောင် သူ စလုပ်တာပဲ။ အာဆီယံ ပဋိညာဉ် ဖြစ်လာအောင် တွန်းတဲ့နေရာမှာလည်း အင်ဒိုနီးရှားက အဓိကပဲ။
မြန်မာနိုင်ငံလည်း အလားတူ ဖြစ်ခဲ့မယ်ဆိုရင် အာဆီယံအတွင်းမှာ ဩဇာ ရှိလာမယ်။
မြန်မာနိုင်ငံမှာ ကမ္ဘာ့ခေါင်းဆောင်တယောက်လို့ အသိအမှတ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးရှိတယ်။ တခြား အာဆီယံနိုင်ငံတွေမှာ အဲဒီလို မရှိဘူး။ နိုင်ငံရေးသမား တယောက်အဖြစ်နဲ့ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ မြန်မာနိုင်ငံအတွက်တော့ အလွန်ကြီးမားလှပါတယ်။ ဦးသိန်းစိန် အစိုးရနဲ့ ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင် မြန်မာနိုင်ငံကို စည်းလုံးညီညွတ်အောင် လုပ်ပေးနိုင်မယ်။ နောက်ပြီး ဒေသတွင်းမှာရော ကမ္ဘာ့အသိုင်းအဝိုင်း အတွင်းမှာပါ စည်းလုံး ညီညွတ်လာအောင် လုပ်ပေးနိုင်မယ်။
မေး - ဦးသိန်းစိန်အစိုးရက မြစ်ဆုံဆည်ကို ရပ်မယ်လို့ ဆုံးဖြတ်လိုက်တာဟာ တရုတ်အပေါ် ငြင်းဆန်လို့ ရနိုင်တဲ့အကြောင်း တရုတ်အပေါ်မှာ မှီခိုနေရတဲ့ အာဆီယံနိုင်ငံတွေ သိအောင် ပြသလိုက်တာ ဖြစ်တယ်လို့ ခင်ဗျားပြောခဲ့တယ်။ ဒီလို ငြင်းဆန်တာမျိုးတွေ ဆက်လုပ်မယ်ဆိုရင် အာဆီယံဟာ တရုတ်နဲ့ရင်ဆိုင်ရတဲ့ အခါမှာ ပိုစည်းလုံးလာမယ်ဆိုတာက ဘာကို ဆိုလိုတာလဲ။
ဖြေ - ဒါက ကျနော် မှန်းဆကြည့်တာပါ။ ဒီလောက် ကြီးမားတဲ့ စီမံကိန်းကြီးကို ဆက်မလုပ်တော့ဘူးလို့ မြန်မာအစိုးရက ငြင်းလိုက်တာဟာ မယုံနိုင်စရာပါ။ ဘယ်အာဆီယံနိုင်ငံမှ ဒါမျိုး မလုပ်ဖူးပါဘူး။ ထိုင်းလည်း မလုပ်ဖူးဘူး။ ဖိလစ်ပိုင်မှာတော့ တယ်လီကွန် စီမံကိန်းနဲ့ပတ်သက်ပြီး ဖြစ်ဖူးတယ်။ ဒါပေမယ့် တည်ဆောက်ရေး လုပ်ငန်းတွေကို တကယ် အကောင်အထည်ဖော်ပြီးတော့မှ ငြင်းတာ မျိုးတော့ မဟုတ်ဘူး။ စီမံကိန်းဆွဲနေတဲ့ ကာလမှာ ငြင်းခဲ့တာပါ။ သည်ကိစ္စမှာ အာဆီယံနိုင်ငံတွေအနေနဲ့မြန်မာဆီက သင်ခန်းစာရယူနိုင်တယ်လို့ထင်တယ်။
မေး- အာဆီယံ ဒေသအတွင်းမှာ ရှိနေတဲ့ တရုတ်ရဲ့ ဩဇာဟာ ပြဿနာဖြစ်နေတယ်လို့ ခင်ဗျား ပြောနေတာလား။
ဖြေ - မဟုတ်ပါဘူး။ ကျနော် ပြောချင်တာက အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံလိုပဲ တရုတ်နဲ့ ဆက်ဆံရေးကို သတိထားပြီး ကြည့်ဖို့၊ အဆက်မပြတ် အကဲဖြတ်နေဖို့ပါ။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ရှိလာတာဆိုတော့ တရုတ်နဲ့လုပ်နေတဲ့ စီမံကိန်းတွေတင်မကဘဲ ထိုင်းနဲ့လုပ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကိုလည်း ပြန်ပြီး သုံးသပ်လာပါလိမ့်မယ်။ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲပြီးရင် သေချာပေါက် ဒါတွေဖြစ်လာမယ်လို့ ကျနော် ပြောချင်တယ်။
မေး- အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို တရုတ်ဩဇာကနေ ကင်းလွတ်အောင် နေဖို့စည်းရုံးမှာလား။
ဖြေ - ကျနော်တော့ အဲဒီလို လုပ်မယ် မထင်ဘူး။ အာဆီယံနဲ့ တရုတ်နဲ့က ဆက်ဆံရေး ကောင်းပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတခုချင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ချဉ်းကပ်ဖို့ပါပဲ။ ဥပမာ - တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်တဲ့ ကိစ္စဆိုရင် အာဆီယံ နိုင်ငံတခုချင်းဆီမှာ ကိုယ့်ချဉ်းကပ်ပုံနဲ့ကိုယ် ရှိတယ်။ တနိုင်ငံနဲ့တနိုင်ငံ မတူပါဘူး။ ဒါကြောင့် တခါတလေမှာ အာဆီယံအနေနဲ့အဖွဲ့ဝင်အားလုံး သဘောတူတဲ့ လုပ်နည်းလုပ်ဟန်ကို သတ်မှတ်ဖို့ခက်ပါတယ်။
မေး - သိတဲ့အတိုင်း အာဆီယံရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန်က မြန်မာပြည်ကို နောက်တပတ်မှာ သွားလည်မှာ ဖြစ်တယ်။ မြန်မာကို အာဆီယံ ဥက္ကဋ္ဌ ရာထူးပေးတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံလာအောင် သူ လုပ်နိုင်မလား။
ဖြေ- ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ ရာထူးကို ထောက်ခံမယ်လို့ ကျနော်ထင်တယ်။ အချိန်တော့ ဆွဲထားချင်ပုံရှိတယ်။ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်လှည့်လို့ မရတော့ဘူး ဆိုတာ သေချာချင်လို့ အချိန်ဆွဲတာထင်တယ်။ နောက်ပြန် မလှည့်နိုင်တော့ဘူးဆိုတာ သူဖာသာသူတော့ ယုံကြည်နေတယ်လို့ ကျနော်သဘောပေါက်နေတယ်။ မယုံရင် ဒီလုပ်ငန်းစဉ်ကြီးထဲမှာ သူ ပါလာမှာ မဟုတ်ပါဘူး။
ဆူရင်က သူ့ဆီကို သွားလည်ရင် ဘာမှတောင် သိပ်ပြောစရာလိုမယ် မထင်ပါဘူး။
မြန်မာနိုင်ငံဟာ သူ့မိသားစုအမှန်ဆီကို ပြန်လာပါပြီ။ သိုးမဲလို သတ်မှတ်ခံရစရာ မရှိတော့ပါဘူး။ ၂၀၁၄ မှာ ဥက္ကဋ္ဌ ရာထူး ယူဖို့အတွက် ပြင်ဆင်ထားတယ်ဆိုတာ သေချာအောင်ပဲ အာဆီယံက လုပ်ရမှာပါ။ မြန်မာအနေနဲ့ အဖွဲ့ဝင်ကောင်း ဖြစ်လာဖို့တခြား နိုင်ငံတွေလိုပဲ လိုက်နာရမယ့် အချက် ၆၆၇ ချက် ရှိပါတယ်။
အာဆီယံအသိုင်းအဝိုင်းကို တည်ဆောက်မယ့် ၂၀၁၅ ခုနှစ် မတိုင်ခင်မှာ မြန်မာက ဥက္ကဋ္ဌတာဝန်ကို ယူရမှာဖြစ်တဲ့အတွက် အာဆီယံအပေါ်ထားတဲ့ သံန္နိဋ္ဌာန်တွေအားလုံးကို ဖြည့်ဆည်းဖို့ပိုအရေးကြီးလာပါတယ်။
မေး - မြန်မာနိုင်ငံဟာ တာဝန်သိတတ်တဲ့ ဥက္ကဋ္ဌ ဖြစ်လာနိုင်တယ်လို့ ဆိုလိုတာလား။
ဖြေ- ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ဖြစ်နေမယ်ဆိုရင်၊ နောက်ပြီး တိုင်းရင်းသားတွေနဲ့ ဆွေးနွေးနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကလည်း ချောချောမွေ့မွေ့ ဆက်ဖြစ်နေမယ်ဆိုရင် တာဝန်သိတဲ့ ဥက္ကဋ္ဌ ဖြစ်မှာ သေချာပါတယ်။ ဥက္ကဋ္ဌကောင်းဖြစ်မှာ သေချာတယ်။ နောက်ပြီး ၂၀၁၅ မှာ အာဆီယံကို တပေါင်းတည်းဖြစ်အောင်လည်း ဦးဆောင်ပေးနိုင်လိမ့်မယ်။
မေး - ဒေါ်အောင်ဆန်းစုကြည်ကရော အာဆီယံရဲ့ ဓလေ့စရိုက်တွေကိုကော လေးစားတယ်လို့ ထင်ပါသလား။ ဝင်ရောက် မစွက်ဖက်ရေးမူဝါဒမျိုး၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားတာမျိုး၊ တည်ဆဲ အစိုးရကို ထောက်ခံတာမျိုး ။
ဖြေ - အာဆီယံကို ပြန်သုံးသပ်တာတော့ သူ လုပ်လိမ့်မယ် ထင်ပါတယ်။ ဒေါက်တာဆူရင်နဲ့လည်း ဆွေးနွေးမှာပါ။ လွှတ်တော်အမတ်တယောက် ဖြစ်လာခဲ့ရင်တော့ အာဆီယံနဲ့ ပတ်သက်တဲ့ သူ့အမြင်တွေကို ပိုကြား လာရမှာပေါ့လေ။ နောက်ဆိုရင် အာဆီယံနိုင်ငံတွေကိုလည်း ရောက်မယ်။ အာဆီယံ အစည်းအဝေးတွေလည်း တက်မယ်လို့ ထင်တယ်။ အာဆီယံအသိုင်းအဝိုင်းရဲ့ တချို့အဖွဲ့တွေထဲမှာလည်း ပါလာပါလိမ့်မယ်။ လူ့အခွင့်အရေးကော်မတီတို့၊ အမျိုးသမီးရေးရာ ကော်မတီတို့၊ ကလေးသူငယ်ရေးရာ ကော်မတီတို့မှာ ပါလာပါ လိမ့်မယ်။
သိထားရမှာကတော့ ၂၀၁၄ ခုနှစ်မှာ မြန်မာက ကိစ္စတခုကို ကိုင်တွယ်ရပါလိမ့်မယ်။ အဖွဲ့ဝင် အစိုးရ တွေရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို ပြန်သုံးသပ်ရမှာပါ။ အဲဒီလို သုံးသပ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတဲ့ အင်အားတခု ဖြစ်လာမှာ သေချာတယ်။ သူ့ကြောင့်ပဲ အာဆီယံဟာ လူ့အခွင့်အရေးကာကွယ်မှုကို ပိုပြီး အရေးထားလာလိမ့်မယ်။
မေး - ဒေါက်တာဆူရင်ရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘာတွေ မျှော်လင့်ထားသလဲ။
ဖြေ- ဒီခရီးစဉ်က အလွန် ထူးခြားပါတယ်။ ဒေါက်တာဆူရင်ဟာ အထွေထွေအတွင်းရေးမှူး ဖြစ်ကတည်းက မြန်မာပြည်ကို အကြိမ်ကြိမ် ရောက်ခဲ့ပေမယ့် တခါမှ အသိအမှတ်ပြုတာ မခံရသေးပါဘူး။ ဒီတခါတော့ သူ့ကို တရားဝင် အသိအမှတ်ပြုကြပါလိမ့်မယ်။ မြန်မာနဲ့ အာဆီယံရဲ့ ပေါင်းစည်းမှု ကိုလည်း သည်ခရီးစဉ်က သက်သေပြမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုကလည်း ခရီးစဉ်ကို ပိုအောင်မြင်စေပါလိ့မ်မယ်။ နောက်ထပ် ထူးခြားတဲ့ အရာတခုကတော့ ဆူရင်ဟာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို သွားပါလိမ့်မယ်။
မုန်တိုင်းဒဏ်သင့်တဲ့ ဒေသကို ကူညီဖို့အတွက် ရန်ပုံငွေကို ရအောင် လုပ်နိုင်ခဲ့တာဟာ အာဆီယံရဲ့ အဓိက အောင်မြင်မှု ဖြစ်ပါတယ်။ ဒီအောင်မြင်မှုကို အရင်က သိပ်ပြီး မီးမောင်းမထိုးပြနိုင်ခဲ့ပါဘူး။ အခုတော့ ဒီခရီးစဉ်က မီးမောင်းထိုးပြမှာပါ။ မြန်မာနိုင်ငံအတွင်းက အရေးပါတဲ့သူတွေရဲ့ အချင်းချင်း ရောယှက်နေပုံ၊ မြန်မာနိုင်ငံအတွင်းမှာ အာဆီယံက ပါဝင်နေတဲ့ အခန်းကဏ္ဍ၊ နိုင်ငံတကာမိသားစုဟာ အရေးပါတဲ့ တွန်းအားတခု ဖြစ်နေတာတွေ အားလုံးကို သည်ခရီးစဉ်က မီးမောင်းထိုးပြပါလိမ့်မယ်။