အရှင်ဂမ္ဘီရကို ဓမ္မစက်နဲ့ ဆောင်ရွက်လို့ မဖြစ်နိုင်တာကြောင့် အာဏာစက်နဲ့ ဥပဒေကြောင်းအရ အရေးယူမယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးထားပါတယ်။
[caption id="attachment_21067" align="alignleft" width="300" caption="အရှင်ဂမ္ဘီရ"]

[/caption]
အရှင်ဂမ္ဘီရဟာ ထောင်ကနေ ပြန်လွှတ်လာတဲ့အခါမှာ သံဃာမဟာနာယက ဆရာတော်တွေဆီမှာ ခွင့်မပန်ဘဲ သင်္ကန်းပြန်ဝတ်ထား၊ ချိတ်ပိတ်ထားတဲ့ သင်္ဃန်းကျွန်းမဂ္ဂင်ကျောင်းတိုက်ကို ကျူးကျော်နေထိုင်ခြင်း၊ သော့တွေကို ရိုက်ဖျက်ခဲ့ခြင်းတို့ကြောင့် အရေးယူဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။
ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် သံဃာတပါးဖြစ်တဲ့ ဦးဂမ္ဘီရဟာ ကလေးမြို့ အကျဉ်းထောင်မှာ ထောင်ဒဏ် ၆၃ နှစ် ချခံထားရာကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မကြာသေးခင်ကမှ ပြန်လွတ်လာတာပါ။ အခုလ ၁၀ ရက်နေ့က အရှင်ဂမ္ဘီရကို အာဏာပိုင်တွေက ခေတ္တခေါ်ဆောင်သွားပြီး၊ သံဃာမဟာနာယကရဲ့ ဩဝါဒခံယူခိုင်းခဲ့ပါတယ်။
ဒီလိုတွေ့ဆုံတဲ့အခါမှာ အရှင်ဂမ္ဘီရက သံဃမဟာနယက အဖွဲ့ကို အချက် (၁၀) ချက် လျှောက်ထားခဲ့ပြီး၊ ထောင်က လွှတ်ပြီး သံဃမဟာနယက အဖွဲ့ဆီမှာ သင်္ကန်းဝတ်ခွင့် လျှောက်ထားဖို့ ကိစ္စဟာ မလိုအပ်တဲ့ ကိစ္စဖြစ်တယ်၊ ရွှေညဝါဆရာတော် ဦးပညာသီဟကို သာဓု ဗုဒ္ဓတက္ကသိုလ်ကနေ နှင်ထုတ်တဲ့ ကိစ္စကို ကန့်ကွက်တယ်၊ ထောင်ချခံခဲ့ရတဲ့ ရဟန်းတွေ လွတ်မြောက်အောင် သံဃမဟာနယကအဖွဲ့က မဆောင်ရွက်ပေးတာကို ကန့်ကွက်တဲ့အကြောင်းတွေ ဖော်ပြထားတယ်လို့ မြန်မာ့အလင်းသတင်းက ဆိုပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အရှင်ဂမ္ဘီရကို ဖုန်းဆက်သွယ်လို့ မရပါဘူး။
ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ အရှင်ဂမ္ဘီရ သီတင်းသုံးခဲ့တဲ့ သင်္ဃန်းကျွန်း မဂ္ဂင် ကျောင်းထိုင် ဆရာတော် ဦးဣိန္ဒက က အ ခုကိစ္စဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စလို့ မိန့်ပါတယ်။
“ဒါကတော့ ဦးဇင်းအတွက်လည်း မကောင်းဘူးပေါ့ဗျာ။ အစိုးရအဖွဲ့ကလည်း ဦးဂမ္ဘီရကို ဖမ်းမယ်ဆီးမယ်ဆိုရင် မကောင်းဘူးပေါ့။ အမှန်က ပြေလည်အောင် ဆွေးနွေးလို့ရပါတယ်။ ဦးဂမ္ဘီရက ရဟန်းပျိုတဦးအနေနဲ့ ပေါက်ကွဲနေမှာပေါ့။ ”
သံဃမဟာနယကက အရှင်ဂမ္ဘီရကို ဆုံးမလို့ မရတော့လို့ အရပ်ဘက်က တရားစွဲတဲ့အနေအထားမျိုး ရောက်မရောက်ဆိုတာနဲ့ ပတ်သက်ပြီး ဆရာတော်က အခုလို မိန့်ပါတယ်။
“အဲဒီလိုတော့ ရောက်မယ်မထင်ဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော်က အဲဒီလို အနေအထားရောက်အောင် လုပ်မယ့်သူမျိုး မဟုတ်ပါဘူး။ ဆုံးမရုံပဲ ဆုံးမမှာလေ။ ဆုံးမလို့ နာခံလို့ရှိရင် ကောင်းကောင်းမွန်မွန် သွားမှာပေါ့။ တကယ်လို့ အဆုံးအမကို ဦးဂမ္ဘီရ အနေနဲ့ ဆန့်ကျင်ခဲ့တယ်ဆိုရင် ငါတို့တာဝန်ကျေပြီ။ အဲဒီလိုမျိုးသွားမှာပဲ။”
“အခုအနေအထားက ဒီမိုကရေစီ နိုင်ငံလိုလို၊ အာဏာရှင် နိုင်ငံလိုလို ဖြစ်နေတဲ့ ဦးဇင်းတို့နိုင်ငံမှာတော့ အောက်ခြေတွေမှာ သူတို့ လုပ်ချင်တာ လုပ်လို့ ရနေတယ်။ ဥပဒေ စိုးမိုးရေး အားနည်းနေသေးတဲ့ အတွက်ကြောင့် ဒီဟာတွေက နည်းနည်းလေး ပြဿနာရှိသေးတယ်။ နောက် ဦးဂမ္ဘီရကို အငြိုးကြီးကြီးနဲ့ နောက်ကနေ အငြိုးဖွဲ့နေတဲ့ပုံစံမျိုးလို့ မြင်တယ်။ ဦးဂမ္ဘီရရဲ့ လှုပ်ရှားမှုကို အန္တရာယ်ကြီး တခုလို မြင်နေရင်တော့ မကောင်းဘူးပေါ့။”