A d v e r t i s e m e n t With Us

ကမ္ဘောဒီးယားက နာမည်ကျော် စားစရာ အဆိပ်ပြင်းအမွှေးထူ ပင့်ကူကို ဘယ်လိုဖမ်းဆီးသလဲ (ရုပ်သံ)

ကမ္ဘောဒီးယားနိုင်ငံမှာ ရနိုင်တဲ့ ကြွပ်ရွပြီး ချိုငန်တဲ့ အရသာရှိတဲ့ နာမည်ကျော် သဘာဝ စားစရာဟာ တာရန်ကျူလာ လို့ခေါ်တဲ့ အဆိပ်ပြင်း အမွှေးထူ ပင့်ကူကြော်ပါ။ မြို့တော် ဖနွမ်းပင်ရဲ့ မြောက်ဘက် ၄၃ မိုင် အကွာက ကမ်ပွန်းချမ်ပြည်နယ် စခွန်ခရိုင်ဟာ စားလို့ရတဲ့ တာရန်ကျူလာ ပင့်ကူကြော်လုပ်ငန်း အချက်အခြာ နေရာပါ။ မိုးဦးရာသီမှာ ဒေသခံတွေဟာ အပိုဝင်ငွေရဖို့ အနားက လယ်ကွင်းတွေ တောနက်ထဲတွေကို သွားပြီး ပင့်ကူ အမဲလိုက် ထွက်လေ့ရှိပါတယ်။ စားလို့ရတဲ့ အင်းဆက်တွေကို စိတ်ဝင်စားသူ လူငယ်တယောက်ကတော့ “တာရန်ကျူလာ ပင့်ကူဟာ တခြား အင်းဆက်တွေထက် အများကြီး ပိုပြီး အရသာကောင်းတယ်။ မတူခြားနားတဲ့ အရသာ ရှိတယ်” လို့ ပြောပါတယ်။ ခြောက်သွေ့ရာသီမှာ ဒီပင့်ကူတွေဟာ တွင်းနက်တွေထဲမှာ နေပြီး ဥ ဥလေ့ ရှိပါတယ်။ ဇွန်လကနေ နိုဝင်ဘာကြား မုတ်သုန်ရာသီမှာတော့ ပိုအေးတဲ့ ရာသီကြောင့် တွင်းထဲက ထွက်လာခဲ့ကြလို့ ဖမ်းရ ပိုလွယ်ကူပါတယ်။ ပင့်ကူအမဲလိုက်ဖို့ အကောင်းဆုံးက မနက်ခင်းလို့ ပြောပါတယ်။ ရွာသားတွေဟာ တုတ်ရှည်တွေနဲ့ အဝတ်အိတ်တွေကို သယ်ပြီး ခြုံပုတ်တွေ အောက်ခြေက တွင်းတွေကို ရှာကြတာပါ။ ပင့်ကူဖမ်းသမား တယောက်ဟာ တရက်ကို အကောင်ရေ ၁၄၀ ထိ ဖမ်းနိုင်တယ်လို့ ဆိုပါတယ်။ အင်းဆက်ပိုးမွှားတွေဟာ ကမ္ဘောဒီးယား ကျေးလက်ဒေသတွေမှာ ပြည်သူတွေရဲ့ စားစရာ ဖြစ်နေတာ ကြာပါပြီ။ ခမာနီ အစိုးရလက်ထက် အစွန်းရောက် ကွန်မြူနစ် စနစ်ရဲ့ လက်အောင်မှာ မအောင်မြင်တဲ့ စိုက်ပျိုးရေး ပြုပြင်ပြောင်းလဲမှုကြောင့် စားနပ်ရိက္ခာ အကြီးအကျယ် ပြတ်လပ်ခဲ့လို့ လူပေါင်းများစွာ သေဆုံးခဲ့ ဖူးပါတယ်။ အဲဒီအချိန်က စပြီး ပြည်သူတွေ အင်းဆက်ကိုစားတဲ့ အလေ့အထ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ခုတော့ ရွာသားတွေဟာ လမ်းဘေးဈေးသည်တွေကို တာရန်ကျူလာ ပင့်ကူ အရှင်တွေကို သွားရည်စာအနေနဲ့ ရောင်းချ နေပါပြီ။ တကောင်ကို အရွယ်အစားအလိုက် ဒေါ်လာ ဆယ်ပြားကနေ ဒေါ်လာတမတ်ထိ ရောင်းချကြပါတယ်။ ပင့်ကူကို ဖမ်းမိတာနဲ့ တပြိုင်နက် အကိုက် မခံရအောင် အစွယ်ကို ဖယ်ရှားပစ်ပါတယ်။ ပင့်ကူစွယ်တွေကို ရိုးရာတိုင်းရင်းဆေးအတွက် သုံးဖို့ သီးခြား ရောင်းလေ့ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up