Home
မြန်မာသတင်း
အဆိုတော်ထူးအယ်လ်လင်းနှင့် ကော်ဘရာတို့ကို ရဲကအမှုဖွင့်အရေးယူ
DVB
·
June 24, 2017
အရက်မူးပြီးခိုက်ရန်ဖြစ်ပွားခဲ့တဲ့ အဆိုတော် ထူးအယ်လ်လင်းနဲ့ ကော်ဘရာတို့ စီးနင်းမောင်းနှင်တဲ့ ကားပေါ်မှာ  ရဲဒင်းလက်နက်တွေ့ရှိတာကြောင့် သူတို့ နှစ်ဦးကို ဒဂုံမြို့မရဲစခန်းက ရန်ကုန်ရဲ အက်ဥပဒေပုဒ်မ ၃၀ (က) နဲ့ အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အတည်ပြုသတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၂၂ ရက် ည ၉ နာရီ လောက်က ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာ  အဆိုတော်ထူးအယ်လ်လင်းနဲ့ ကော်ဘရာတို့ တက္ကစီကားတစ်စီးနဲ့ ကားချင်းငြိပြီး သောင်းကျန်းနေကြကြောင်း လူမှုကွန်ရက်မှာ ရေးသားဖော်ပြတာကို တွေ့ရှိခဲ့လို့ ဒဂုံမြို့မရဲစခန်းက တာဝန်ကျ  ရဲအုပ် ပီတာအောင်နဲ့ တပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ရာနေရာမှာ တက္ကစီအငှားယာဉ်ကို မတွေ့ရှိရဘဲ ငွေမင်ရောင်ကားနဲ့အတူ အရက်သေစာသောက်စားကာဆူပူရမ်းကားနေတဲ့ စိုးလှိုင်ရှိန်(ခ)ထူးအယ်လ်လင်း ၄၈ နှစ်နဲ့ နေလင်သင်း(ခ)ကော်ဘရာ ၃၅ နှစ်တို့နှစ်ဦး တွေ့ရှိတာကြောင့် စစ်ဆေးရာမှာ ကားရှေ့ခန်း ထိုင်ခုံနှစ်ခုကြားမှာ ရွှေအိုရောင် လက်ကိုင်ရိုးမှာ အနက်ရောင်ရာဘာရိုးစွပ် အရိုးအသွား ၁၉ လက်မခန့်ရှိ ရဲဒင်းတစ်လက်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့လို့ သူတို့နှစ်ဦးကို ထိန်းသိမ်းစစ်ဆေး အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့တာလို့ ရဲသတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး တက္ကစီအငှားယာဉ်ကို အခင်းဖြစ်တဲ့နေရာမှာ မတွေ့ရှိခဲ့သလို ဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး ရဲစခန်းကို တိုင်ကြားခဲ့ခြင်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။ အဆိုတော် ၂ ဦးကို အရေးယူထားတဲ့ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ-၃၀၊ ပိုဒ်ခွဲ(က)ပါ ပြဋ္ဌာန်းထားချက်အရ ၀ရမ်းမပါဘဲ ဖမ်းဆီးနိုင်ပြီး အပြစ်ရှိတယ်လို့ဆုံးဖြတ်ရင်  ပြစ်ဒဏ် ၃ လ အထိချမှတ်နိုင်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024