ဘရစ်တနေးစပီးယားသီချင်းဖြင့် ဆက်ဆီကျကျဖျော်ဖြေခဲ့သည့် NokAir လေယာဉ်မယ်များ (ရုပ်သံ)
Published By
DVB | 24 June, 2017
910
0
Share
0
Comment
0
Likes
ဘရစ်တနေးစပီးယားရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ Toxic သီချင်းနဲ့ ဆက်ဆီ ကျကျ ဖျော်ဖြေသရုပ်ပြခဲ့ကြတဲ့ NokAir လေကြောင်းလိုင်းမှ လေယာဉ်မယ်လေးတွေရဲ့ ရုပ်သံဗွီဒီယို ဖိုင်ဟာ လတ်တလောအင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။
ဒါဟာ ကမ္ဘာကျော်ပေါ့ပ်အဆိုတော် ဘရစ်တနေးစပီးယား ဘန်ကောက်မှာ ဖျော်ဖြေဖို့ ရောက်ရှိနေချိန်မှာ ဂုဏ်ပြုတဲ့အနေနဲ့ အချိန်ကိုက် ထွက်ပေါ်လာခဲ့တာလို့ ဇွန် ၂၃ ရက်နေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
သူ့ရဲ့ သီချင်းထဲမှာ လေယာဉ်တစီးပေါ် ၀န်ဆောင်မှုပေးရတဲ့ လေယာဉ်မယ် တဦးအသွင်နဲ့ ဆက်ဆီကျကျ သရုပ်ဆောင်ထားခဲ့တာဖြစ်ပြီး ဒီသီချင်းဟာ သူ့အတွက် တကယ့်ကို မှတ်တိုင်တခုဖြစ်ခဲ့တာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သီဆိုဖျော်ဖြေခဲ့ကြတဲ့ လေယာဉ်မယ်လေးတွေဟာ Nok Air လေကြောင်းလိုင်းမှ ဖြစ်ကြတာမို့ သွက်လက်တဲ့ လှုပ်ရှားဟန်နဲ့ သရုပ်ပြမှုတွေဟာ အသက်ဝင်နေခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ရဲ့ အစပိုင်းမှာတော့ Toxic သီချင်းကို #weloveBritney #welcometothailand လို့ အစချီကာ စာတမ်းထိုး ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။
လေကြောင်းလိုင်းရဲ့ အရောင်းနဲ့ ဈေးကွက်ဌာနဆိုင်ရာ ဥက္ကဌ ပင်ယော့ ပီဘူလ် ဆောင်ခရမ်မ်ကတော့ “ကျနော်တို့အဖွဲ့ရဲ့ ဦးဆောင်ပါဝင်ထားတဲ့ ဒီဗွီဒီယိုဖိုင်ကို ကြည့်ရတာ တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။ ဘရစ်တနေးရဲ့ Toxic သီချင်းကိုရော ဘန်ကောက်ကို ရောက်လာတာကိုပါ သဘောကျမိပါတယ်။ သူတို့ (လေယာဉ်မယ်လေးတွေ) မှာ ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို ကိုယ်စားပြုထားခဲ့တဲ့ ပျော်ရွှင်စရာပုံရိပ်တွေကို တွေ့ရပါတယ်”လို့ ပြောပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လက်ရှိအချိန်ထိ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်း တ၀က်ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီမတိုင်ခင်ကတော့ ထရက်ခ်ျရှာဘန်ကောက် (Trasher Bangkok) အမည်နဲ့ ဗွီအိုင်ပီဘတ်စ်ကားတစင်းပေါ်မှာ ဆက်ဆီကျကျ ဟာသနှောကာ သရုပ်ဆောင်ပြခဲ့တဲ့ ရုပ် သံဗွီဒီယိုဖိုင်တခု ထွက်ခဲ့ပြီး နာမည်ကျော်ခဲ့ပါသေးတယ်။
ဘရစ်တနေးစပီးယားစ်ဟာ ဘန်ကောက်မြို့မှာ ဇွန်လ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့ တွေမှာ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။