သူနာပြုသားဖွားဝန်ထမ်းများကို စားစရိတ်၊ ၀တ်စုံစရိတ် ၃၅ ကျပ်ပေးနေရာက တိုးပေးမည်
နေဖြိုးဝင်း
·
June 23, 2017
သူနာပြုသားဖွားဝန်ထမ်းတွေရဲ့ စားစရိတ်နဲ့ ဝတ်စုံစရိတ်ကို လက်ရှိ ၃၅ ကျပ်ထောက်ပံ့ပေးနေရာက ခေတ်နဲ့အညီတိုးပေးသွားမယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
ဇွန်လ ၂၃ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မကွေးတိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာကျော်ငွေက သူနာပြုသားဖွားဝန်ထမ်းတွေရဲ့ စားစရိတ်နဲ့ ဝတ်စုံစရိတ် (ပေါင်း ၃၅ ကျပ်) ကို ခေတ်နဲ့ လျော်ညီအောင် ပြင်ပေးဖို့ ရှိ၊ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး ၀န်ကြီးက အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။
“အမှန်ကတော့ မနေ့ကကတည်းက ပြည်ထောင်စုအစိုးရအဖွဲ့ကနေ အတည်ပြုချက် ရပြီးပါပြီ။ မကြာခင် ရက်ပိုင်းအတွင်းမှာ အော်ဒါထွက်လာပြီး စတင်ခံစားရမယ်။ ဆိုလိုတာက တလကို စားစရိတ်အနေနဲ့ နှစ်သောင်း ရပါမယ်။ ဝတ်စုံစရိတ်ကတော့ တနှစ်လုံးအတွက်ကို နှစ်သောင်း ရပါမယ်။ တပြည်လုံးမှာ သူနာပြုသားဖွားစုစု ပေါင်း ၃၈၄၇၀ ဦး ရှိပါတယ်။ စားစရိတ်ကို တလ တလ ကျပ် ၇၆၈ ဒသမ ၁၆၉ သန်းခန့် အခုလောလောဆယ် သုံးပေးမှာပါ။ ဝတ်စုံစရိတ်အတွက်ကိုလည်း တနှစ်စာအတွက် ကျပ် ၇၈၀ ဒသမ ၃၇ သိန်း ဖြစ်ပါတယ်” လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
သားဖွားဆရာမ၊ သူနာပြု(သူနာပြုသိပ္ပံဘွဲ့)၊ သူနာပြု(သူနာပြုဒီပလိုမာ)၊ အမျိုးသမီး ကျန်းမာရေးဆရာမ၊ ပြည်သူ့ကျန်းမာရေးဆရာမကြီးတွေ၊ သူနာပြုဆရာမကြီး၊ နည်းပြတွေနဲ့ သူနာပြုအုပ်ကြီး၊ သူနာပြုအုပ်တွေအနေဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတည်းက သတ်မှတ်နှုန်းထား ဖြစ်တဲ့ လက်ရှိခံစားခွင့်ပြုထားတဲ့ စားစရိတ် ၃၀ ကျပ်၊ ဝတ်စုံစရိတ် ၅ ကျပ်ပဲ ရရှိနေတာ ဖြစ်ပါတယ်။