Live
Home
မြန်မာသတင်း
မုံရွာမြို့ လမ်းလျှောက်ညဈေးတန်းသစ်ဖွင့်လှစ်
Aung Ko Latt
·
June 23, 2017
မုံရွာမြို့ရဲ့ ညဈေးတန်းသစ်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့၊  စည်ပင်သာယာ တာဝန်ရှိသူတွေက ဇွန် ၂၂ ရက်နေ့ ညမှာ တရားဝင် ဖဲကြိုးဖြတ် ဖွင့်လှစ်လိုက်ပါတယ်။ ညဈေးတန်းသစ်ကို ဇွန် ၂၀ ရက်နေ့ကတည်းက မုံရွာမြို့၊ ရုံးကြီးလမ်းကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ညဈေးတန်းသစ်မှာ ထူးခြားချက်အနေနဲ့ ညတိုင်း ဖျော်ဖြေရေးအစီအစဉ်တွေပါ ထည့်သွင်းထားပြီး ရေတိုင်တွေ၊ ရေဆိုးသွန်စရာ နေရာတွေ၊ အမှိုက်ပုံးတွေပါ စည်ပင်က တာဝန်ယူဆောင်ရွက်ပေးထားပါတယ်။ ညဈေးတန်းသစ်နဲ့ပတ်သက်ပြီး ဈေးဝယ်၊ ဈေးသည်တွေရဲ့လိုအပ်ချက်ကို ဦးစားပေး ဆောင်ရွက်ပေးသွားမယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ပြောပါတယ်။ နေရာသစ်မှာ ဈေးရောင်းရတာနဲ့ပတ်သက်ပြီး ခုမှ စတင်ရောင်းချရတာဖြစ်လို့ အခြေအနေမှန်ကို ဈေးသည်တွေအနေနဲ့ ပြောဖို့ ခက်ခဲနေပြီး နေရာဟောင်းနဲ့ အဓိကကွာခြားချက်ကတော့ ဈေးဆိုင်ခန်းနေရာ ကျဉ်းတာဖြစ်တယ်လို့ ဈေးသည်တွေက ပြောပါတယ်။ လမ်းလျှောက်ညဈေးတန်းဖြစ်လို့ ဆိုင်ကယ်စတန်းတွေပါ ထားရှိပြီး ဆောင်ရွက်နေမှုအပေါ်မှာတော့ ဈေးဝယ်လာသူအချို့က သဘောကျ နှစ်သက်ခြင်း မရှိကြပါဘူး။ ညဈေးတန်းသစ် အစီအစဉ်ဟာ တိုင်းဒေသကြီးအစိုးရရဲ့ မုံရွာမြို့ သန့်ရှင်းသာယာလှပရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ပတ်သက်တဲ့ အချက် ၉ ချက်ထဲက တခု ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024