ယူအန်အက်ဖ်စီအဖွဲ့ဝင်သစ် လျှောက်ထားသည့်ကိစ္စ ညီလာခံတွင် ဆွေးနွေးမည်

739
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ညီလာခံမှာ ယူအန်အက်ဖ်စီအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း ဖို့ရှိနေပြီး အဖွဲ့ဝင်အသစ်လျှောက်ထားသူတွေလည်းရှိနေတယ်လို့ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။
ညီလာခံ ၃ရက်မြောက်နေ့မှာ ချင်းမိုင် အခြေစိုက် သတင်းထောက် တွေနဲ့ တွေ့ဆုံပြောကြားခဲ့တာဖြစ်ပါတယ်။
နိုင်ဟံသာက “အဖွဲ့သစ်တွေက ကြားမိတဲ့အနေအထားအရ KIO နုတ်ထွက်ရင် KNO အနေနဲ့ ပြန်ဝင်ဖို့ရှိနေတယ်။ KNO ကချင်အမျိုးသားအစည်းအရုံးဆိုတာ ဟိုအရင်ကတည်းက ယူအန်အက်ဖ်စီ ဖွဲ့စတုန်းကတော့ KNO ပါတယ်။ အဲဒါကတခု၊ နောက် CNF (ချင်းအမျိုးသားတပ်ဦး)က ကျနော်တို့က သူတို့ကို ယာယီထုတ်ပယ်ထားတာလေ။ အဲဒါ လည်းသူတို့က ပြန်ဝင်ချင်တယ်။ နောက်တခြားအဖွဲ့တွေကတော့ သူတို့ အဆိုပြုထား တဲ့အဖွဲ့ပေါ့နော်။ ကူကီးဆိုတဲ့အမျိုးသားအဖွဲ့လေ။ သူတို့က လျှောက်ထားတာကြာပြီ။ ယူအန်အက်ဖ်စီအနေနဲ့ အဲဒါကလည်း စဉ်းစားပေးရမယ်။ နောက်တဖွဲ့ကတော့ ဇိုမီး ZRO ကလေ။ သူတို့ကလည်း အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတာရှိတယ်။ ဒါကိုလည်း စဉ်းစားပေးရမယ်။”
အဖွဲ့ဝင်အဖြစ်လျှောက်ထားတဲ့အဖွဲ့တွေကို ဒီညီလာခံကနေ ဆုံးဖြတ်မှာမဟုတ်ဘဲ မူအရဆွေးနွေးပြီး နောက်တက်လာမယ့် ကော်မတီသစ်တွေက ဆုံးဖြတ်ပေးသွားမယ်လို့လည်း နိုင်ဟံသာက ပြောပါတယ်။
ယူအန်အက်ဖ်စီရဲ့ လက်ရှိအဖွဲ့ဝင်တွေထဲမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် အန်စီအေ လမ်းကြောင်းအတိုင်း အစိုးရနဲ့ဆက်ပြီး ဆွေးနွေးသွားမယ့်အဖွဲ့တွေ ရှိနေသလို၊ မြောက်ပိုင်း ဝတပ်တွေနဲ့ပူးပေါင်းပြီး အန်စီအေ လမ်းကြောင်းကို စွန့်ခွာမယ့် အဖွဲ့တွေလည်း ရှိနေတာပါ။
အစိုးရအနေနဲ့ အန်စီအေ ဆွေးနွေးညှိနှိုင်းစဉ်က ပါဝင်ခဲ့တဲ့ တိုင်းရင်းသား ၂၁ ဖွဲ့ကိုသာ လက်ခံမှာ ဖြစ်ပြီး ကျန်တဲ့အဖွဲ့သစ်တွေ ပေါ်ပါက်လာခြင်းနဲ့ အဖွဲ့သစ်တွေ တိုးလာခြင်းကို လက်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့ညက သတင်းစာရှင်းလင်းပွဲအတွင်း ပြောထားပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး နိုင်ဟံသာက “ဒါကတော့ သူတို့အနေနဲ့ ဒီလိုပြောလာတယ်ဆိုတဲ့အခါမှာ ဒို့ ဆွေးနွေးနေတဲ့ အန်စီအေ ကိစ္စပေါ့ဗျာ။ နောက်အဖွဲ့သစ်တွေဆိုရင်တော့ နောက်ထပ်စဉ်းစားရမလားဆိုတဲ့ အနေအထားကြောင့်ပဲလို့ ထင်တယ်လေ။ အမှန်ကတော့ ဒို့လည်းဒါကတော့ နည်းလမ်းရှာမှာပါ။ ဥပမာ သူတို့က ဟိုးအစကတည်းက အန်စီအေဆွေးနွေးတဲ့ ကိစ္စတွေမှာမပါလာတော့ သူတို့ကိစ္စကို နောက်ချန်ထားရမယ်။ ကျနော်တို့နဲ့ အရင်အရင်ကတည်းက ပါလာတဲ့အဖွဲ့တွေနဲ့ အန်စီအေကိစ္စကို စဉ်းစားသွားရင်ရပါတယ်။ ဒါပေမယ့် သူတို့ကိုလည်း ကျနော်တို့ကတော့ အားတခုအနေနဲ့ လက်တွဲလို့ သင့်မယ်ဆိုရင်တော့ လက်တွဲ သွားမှာပါ။” လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်ပြောဆိုခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစု ဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(ယူအန်အက်ဖ်စီ)ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ ဇွန် ၂၀ ရက်နေ့ကတည်းက စတင်ကျင်းပနေတာဖြစ်ပြီး ၂၉ ရက်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။