Home
ဆောင်းပါး
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အဓိပ္ပာယ်နှင့်သမိုင်းကြောင်း
DVB
·
June 22, 2017
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးရရှိရန် အားလုံးက ကြိုးစားအားထုတ်နေကြပါသည်။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြရာတွင် အားလုံး မပါဝင်နိုင်သည့်တိုင် ပါဝင်နိုင်သူအားလုံးက လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေးကို ပထမဦးစွာ လုပ်ဆောင်ပြီးနောက်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာသည့်နည်းကို လျှောက်လှမ်းနေကြပြီ ဖြစ်ပါသည်။ ထိုသို့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာသည့်အခါ နိုင်ငံရေးအယူအဆများ၊ ဝေါဟာရများနှင့်ပတ်သက်၍ သေချာစွာ သဘောပေါက်ပြီး ပါဝင်ကြသည့် ဘက်အားလုံးမှ နားလည်မှု တူညီကြဖို့ အရေးကြီးပါသည်။ ယခုအခါ ဖက်ဒရယ်စနစ်ကို ဆွေးနွေးကြရင်းဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲထွက်ခွင့် ဆိုသည်တို့ကို ဆွေးနွေးနေသည့်ကာလသို့ ရောက်ရှိနေပါပြီ။ သို့ဖြစ်၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် self-determination နှင့် ပတ်သက်ပြီး လက်လှမ်းရာ တတ်နိုင်သမျှ လေ့လာတင်ပြသွား လိုပါသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ သို့မဟုတ် နယ်ချဲ့စနစ်ကို တုံ့ပြန်သည့်လက်နက် Self-determination ကို မြန်မာ့နိုင်ငံရေးသမားများက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် သို့မဟုတ် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ဟု ဘာသာပြန်ဆိုလေ့ရှိကြသည်။ မေရီယန်ဝက်ဘ်စတာ အွန်လိုင်း အဘိဓာန်က “free choice of one's own acts or states without external compulsion”  “ပြင်ပ ပယောဂ ကင်းရှင်းစွာဖြင့် တစုံတယောက်၏ လွတ်လပ်စွာ ရွေးချယ်သည့် လုပ်ဆောင်ချက်များ သို့မဟုတ် အခြေအနေများ” ဟု လည်းကောင်း၊ “determination by the people of a territorial unit of their own future political status”  “နယ်မြေဒေသ ယူနစ်တခု၏ ပြည်သူများက ၎င်းတို့ အနာဂတ် နိုင်ငံရေး အဆင့်နေရာကို ဆုံးဖြတ်ခြင်း” ဟု လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုထားလေသည်။ စက်မှုတော်လှန်ရေးအတွင်းနှင့် နောက်ပိုင်းကာလများတွင် ပြည်သူအစုအဖွဲ့ အများအပြားသည် ၎င်းတို့ မျှဝေပိုင်ဆိုင်ကြသည့် သမိုင်းကြောင်း၊ ပထဝီအနေအထား၊ ဘာသာစကားနှင့် ဓလေ့ထုံးစံများကို သိမှတ်ပြုလာကြသည်။ အင်ပိုင်ယာများ  တိုးချဲ့လာခြင်းဖြင့် အရင်းရှင်စနစ် ဖွံ့ဖြိုးလာသည်နှင့်အတူ နိုင်ငံရေးအရ အချုပ်အခြာအာဏာပိုင်မှု အယူအဆသည်လည်း ဝက်ဖားလီးယားစာချုပ် နောက်ပိုင်းတွင် ဖြစ်ပေါ်တိုးတက်လာသည်။ ထို့နည်းတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အယူအဆသည်လည်း ခေတ်သစ်ကမ္ဘာတွင် ပေါ်ထွက်လာသည်။ အပြိုင်ဖြစ်နေသော အင်အားစုများအကြားသာမက၊ လက်အောက်ခံအဖြစ် ခံစားနေရသော အုပ်စုများ သို့မဟုတ် နိုင်ငံကြီးတခုအတွင်း အခွင့်အရေး တန်းတူမရ ငြင်းပယ်ခံထားရသူများအတွင်း အမျိုးသားရေးဝါဒသည် စုစည်းညီညွတ်သော သဘောတရားတရပ်အဖြစ် ထွက်ပြူလာခဲ့သည်။ ထိုသို့သော အခြေအနေအောက်တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် နယ်ချဲ့စနစ်ကို တုံ့ပြန်သည့် လက်နက်ကောင်းတခု ဖြစ်လာသည်။ ထိုသို့သော ပြည်သူလူထုအုပ်စုများသည် နယ်မြေအပေါ် အချုပ်အခြာအာဏာ ပိုင်စိုးမှုနှင့် လွတ်လပ်ရေးရရှိစေရန် ကြိုးပမ်းလေ့ရှိကြသည်။ သို့သော်လည်း တခါတရံ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုသည့် အခြားအသွင်သဏ္ဌာန်တမျိုးကို ရရှိတတ်သည်။ အင်ပါယာများနှင့် ကိုလိုနီအရှင်သခင်များ ကမ္ဘာသမိုင်းတွင် အမျိုးမျိုးသော အင်ပါယာများ ပေါ်ပေါက်ခဲ့သည်။ အော့တိုမန်၊ ရပ်ရှန်း၊ သြစတြီးယန်း-ဟပ်စ်ဘာ့နှင့် ချင်း (Qing Empire) အင်ပါယာ စသဖြင့် ပထဝီဒေသအလိုက်၊ သမိုင်းကြောင်းဆိုင်ရာ အခြေအနေအလိုက် မတူကွဲပြားစွာ ပေါ်ပေါက်ခဲ့ကြသည်။ ခေတ်သစ်ကာလတွင် ဥရောပ၌ ဖြစ်ထွန်းခဲ့သော ပြိုင်ဆိုင်မှုကို အင်အားချိန်ခွင်လျှာ ထိန်းညှိရေးတိုက်ပွဲအဖြစ် နိုင်ငံရေးသိပ္ပံပညာရှင်များက အကဲဖြတ်လေ့ရှိသည်။ အဆိုပါပြိုင်ဆိုင်မှုတွင် စပိန်နှင့် ပေါ်တူဂီတို့က စတင်ခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိသျှ၊ ပြင်သစ်၊ ဒတ်ခ်ျနှင့် ဂျာမန်တို့ ပါဝင်လာသည်။ ၁၉ ရာစုအစောပိုင်း ကာလ ဥပရောပရှိ ပြိုင်ဆိုင်မှုသည် စစ်ပွဲများကို ဖြစ်ပေါ်စေခဲ့သည်။ အထူးထင်ရှားသည့် စစ်ပွဲများမှာ နပိုလီယံ စစ်ပွဲများ ဖြစ်ကြသည်။ ဤလက်နက်ကိုင် ပဋိပက္ခနောက်ပိုင်းတွင် ဗြိတိသျှအင်ပါယာသည် လွှမ်းမိုးသည့်နေရာသို့ ရောက်လာပြီး နယ်ချဲ့ရာစုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ တပြိုင်နက်တည်းတွင် အမျိုးသားရေးဝါဒသည်လည်း အင်အားကြီးမားသည့် နိုင်ငံရေး အိုင်ဒီယိုလိုဂျီတခုအဖြစ် ဥပရောပတွင် မွေးဖွားလာခဲ့လေသည်။ ၁၈၇၀ ခုနှစ်  ပြင်သစ်-ပရပ်ရှားစစ်ပွဲနောက်ပိုင်းတွင် ပြင်သစ်နှင့် ဂျာမနီတို့လည်း အာရှ၊ အာဖရိကနှင့် ပစိဖိတ်တခွင် ကိုလိုနီများ ချဲ့ထွင်ခဲ့ကြလေသည်။ ဂျပန်သည်လည်း အင်အားသစ်တရပ်အဖြစ် ပေါ်ထွက်လာပြီး ကမ္ဘာတဝန်မ်း ဘက်ပေါင်းစုံ အပြိုင်ကြဲသည့် ပြိုင်ပွဲကြီး ပေါ်လာလေတော့သည်။   ပုန်ကန်ထကြွမှုများနှင့်အတူ နိုးကြားလာသည့် အမျိုးသားရေးဝါဒ ၁၇၇၀ ခုနှစ်များ အလယ်လောက်ဆီက ဗြိတိသျှကိုလိုနီ မြောက်အမေရိက ကမ္ဘာသစ်၏ စတင်ပုန်ကန်မှုသည် အမျိုးသားအခွင့်အရေးနှင့် ဒီမိုကရက်တစ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ပထမဦးဆုံးသော တပ်လှန့်သံ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တိကျရှင်းလင်းသော ဖွင့်ဆိုချက်ဖြစ်သည့် သဘာဝဓမ္မ၊  လူသား၏ မွေးရာပါရပိုင်ခွင့်၊ အုပ်ချုပ်ခံ ပြည်သူလူထု၏ အချုပ်အခြာအာဏာ ပိုင်စိုးမှု စသည်တို့မှာ အဓိကအားဖြင့် ပြီးခဲ့သည့်ရာစုနှစ်အတွင်း ဂျွန်လော့က်၏ ဉာဏ်အလင်းဖွင့် ရေးသားချက်များကြောင့် လူတို့၏ စဉ်းစားတွေးခေါ်မှုများကို နိုးကြားလာစေသောကြောင့် ဖြစ်သည်။ သောမတ်ဂျက်ဖာဆန်ကလည်း ၁၉ ရာစုတလျှောက်လုံး ဥရောပတိုက်သားများကို နှိုးဆွခဲ့သည့် “အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေး ကြေညာစာတမ်း” ကို ရေးသားခြင်းဖြင့် ပြည်သူလူထု၏ ဆန္ဒသဘောထားသည်သာ အခရာဖြစ်သည် ဆိုသော အယူအဆကို ပိုမိုတိုးတက်ဖွံ့ဖြိုးစေခဲ့သည်။ ပြင်သစ် တော်လှန်ရေးသည်လည်း ကမ္ဘာဟောင်းကို အလားတူ နှိုးဆွခဲ့ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုသည့် အတွေးအခေါ်ကို တရားဝင် ဖြစ်စေခဲ့သည်။ ၁၉ ရာစုအစောပိုင်းက ကမ္ဘာသစ်တွင် စပိန်ကိုလိုနီအများစုသည် စပိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုသည် မွန်ရိုး ကြေညာချက်ဖြင့် အဆိုပါလွတ်လပ်ရေးများကို ထောက်ခံအားပေးခဲ့သည်။ အမေရိကန် ပြည်သူလူထုနှင့် လွှတ်တော်ဆုံးဖြတ်ချက်များက ထိုကဲ့သို့သော လှုပ်ရှားမှုများကို ထောက်ခံခဲ့ကြရာ၊ အထူးသဖြင့် ဂရိလွတ်လပ်ရေးစစ်ပွဲများ (၁၈၂၁-၁၈၂၉) နှင့် ၁၈၄၈ ခုနှစ် ဟန်ဂေရီ တော်လှန်ရေးသမားများ၏ တောင်းဆိုချက်များကဲ့သို့သော လှုပ်ရှားမှုများကို အားပေးထောက်ခံခဲ့သည်။ သို့သော်လည်း ထိုအားပေးထောက်ခံမှုများမှာ တခြားသော အမျိုးသားအကျိုးစီးပွားများနှင့် ထိန်းညှိနေရသည့်အတွက် အစိုးရ၏တရားဝင် ပေါ်လစီတခုတော့ ဘယ်သောအခါမှ ဖြစ်မလာခဲ့ချေ။ အမေရိကန် ပြည်တွင်းစစ် ပြီးဆုံးသောအခါ တိုင်းပြည် အင်အားတောင့်တင်းလာသည့်အတွက် အာလာစကားဒေသ ဝယ်ယူရေးကာလနှင့် အနောက်အိန္ဒိယကျွန်းများ ဖြစ်သည့် စိန့်သောမတ်စ်နှင့် စိန့်ဂျွန်တို့ကို ၁၈၆၀ ပြည့်နှစ်များအတွင်း ဝယ်ယူဖို့ ကြိုးစားသောအခါ အမေရိကန်ပြည်ထောင်စုသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသဘောတရားအဖြစ် လက်ခံကျင့်သုံးခြင်း မပြုခဲ့ပေ။ ထို့နည်းတူ ဟာဝေယန်ကျွန်းများပေါ်တွင် အမေရိကန်ပြည်ထောင်စု၏ သြဇာကြီးထွားလာပြီး ၁၈၉၈ ခုနှစ်အတွင်း သိမ်းသွင်းလိုက်မှုတွင်လည်း ထိုနည်းလည်းကောင်းပင်။ ၁၈၉၉ ခုနှစ်က ဖြစ်ပွားသော စပိန်-အမေရိကန် စစ်ပွဲ အောင်နိုင်သောအခါ ကမ္ဘာတွင် ၎င်း၏ သြဇာနှင့် အဆင့်နေရာ မြင့်မားလာသည့်အတွက် စပိန်၏ကိုလိုနီများ ဖြစ်ခဲ့ကြသော ဂူအမ်၊ ပြူတိုရီကိုနှင့် ဖိလစ်ပိုင်တို့ကို ထိုနိုင်ငံသားများ၏ သဘောဆန္ဒမပါဘဲ သိမ်းပိုက်ခြင်းကို ထောက်ခံခဲ့သည်။ ထို့ပြင် ကျူးဘားနိုင်ငံကို ရုပ်သေးနိုင်ငံအဖြစ် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲထွက်ခွင့် တဖက်တွင် အစဉ်အလာ အင်ပါယာများအတွင်း အမျိုးသားရေးစိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်လာနေကြသည်။ ဥရောပကိုယ်၌သည်ပင် ၎င်းအတွင်း အမျိုးသားရေးဝါဒများ ထကြွလာကြပြီး  ဂရိ၊ ဟန်ဂေရီ၊ ပိုလန်နှင့် ဘူလ်ဂေးရီးယား စသည်တို့မှာ ၎င်းတို့၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းတိုက်ခိုက်လာကြလေသည်။ ကွန်မြူနစ်ဝါဒကို စတင်ဖော်ထုတ်၊ ဖြန့်ဖြူးသူ ကားလ်မာက်စ်က ထိုသို့သော အမျိုးသားရေးလှုပ်ရှားမှုများကို ထောက်ခံအားပေးခဲ့ပြီး လှုမှုပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံတကာ မဟာမိတ်ဖွဲ့မှုများအတွက် လိုအပ်သော အခင်းအကျင်းတရပ်အဖြစ် ယုံကြည်ယူဆခဲ့လေသည်။ ဆိုဗီယက်ယူနီယံကို စတင်တည်ထောင်သူ ဗလာဒီမာလီနင်က “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုသည်မှာ တစုံတရာဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုခြင်းမှာ မှားယွင်းပြီး သီးခြားနိုင်ငံ ထူထောင်တည်ရှိခွင့် ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုမှသာ မှန်ကန်သည်” ဟု ၁၉၁၄ ခုနှစ်တွင် ရေးသားခဲ့သည်။ ၁၉၁၇ ခုနှစ် နိုဝင်ဘာလတွင် ရုရှား၌ ဘော်ရှီဘစ်တို့ အာဏာရလာသောအခါ ချက်ချင်း ဆိုသလိုပင် ပထမကမ္ဘာစစ် မဟာမိတ်အဖွဲ့မှ နုတ်ထွက်လိုက်ကြသည်။ ကိုလိုနီများ အပါအဝင် နိုင်ငံများအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်း ထောက်ခံအားပေးလေသည်။ ၁၉၁၈ ခုနှစ် “ဆိုဗီယက်ယူနီယံ ဖွဲ့စည်းပုံအခြေခံဥပဒေ” ၌ ၎င်းတွင် ပါဝင်ဖွဲ့စည်းထားသည့် (ရီပတ်ဘလစ်) သမ္မတနိုင်ငံများအား ခွဲထွက်ခွင့်ကိုပါ အသိအမှတ်ပြုလေသည်။ ဤသည်မှာ ဝီလဆင်၏ အကန့်အသတ်ရှိသော တောင်းဆိုချက်များကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။ ၁၉၁၈ ခုနှစ် ဇန်နဝါရီလတွင် ဝီလဆင်က အချက် ၁၄ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်လိုက်သည်။ အဆိုပါကြေညာချက်က ကိုလိုနီ အရှင်သခင်များ၏ အကျိုးစီးပွားသည်လည်း ပြည်သူလူထု ဆန္ဒသဘောထားကဲ့သို့ တန်းတူညီစွာ အလေးထားရမည့်အရာ ဖြစ်ကြောင်းဖြင့် ကိုလိုနီဆိုင်ရာ ရပိုင်ခွင့်သဘောထားကို ပြန်လည်ထိန်းညှိပေးခဲ့သည်။ ဤအချိန်လောက်မှစ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ်တွင် လစ်ဘရယ်ဒီမိုကရက်များနှင့် ကွန်မြူနစ်များအကြား သဘောထား ခြားနားသွားလေသည်။ ၁၉၁၈ ခုနှစ် မတ်လက ချုပ်ဆိုသော ဘရက်စ်-လစ်တော့ဗ်စ်က် စာချုပ်က ရုရှားကို စစ်ပွဲမှ ထွက်သွားစေသည့်ပြင် အာမေးနီးယား၊ ဖင်လန်၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ ယူကရိန်း၊ လစ်သူရေးနီးယား၊ ဂျော်ဂျီယာနှင့် ပိုလန်တို့ကို လွတ်လပ်ရေးရစေခဲ့သည်။ စစ်ပွဲ၏ နောက်ဆုံးရလဒ်က အော့စ်တြို-ဟန်ဂေရီအင်ပါယာ ပြိုကွဲသွားစေပြီး၊ ချက်ကိုဆလို ဗက်ကီးယား၊ ဆလိုဗင်း-ကရုတ်-ဆာ့ဗ်နိုင်ငံနှင့် ဆာ့ဗီးယားဘုရင့်နိုင်ငံ စသည့် နိုင်ငံသစ်များ ပေါ်ထွန်းလာသည်။ မည်သို့ဆိုစေကာမူ တချို့သောလူမျိုးများ (အထူးသဖြင့် ပိုးလ်များ၊ ချက်များ၊ ဆာ့ဗ်များနှင့် ရိုမေးနီးယန်းများ) ကို သူတို့ကို မယုံကြည် မနှစ်သက်သော လူမျိုးများအပေါ် အုပ်ချုပ်ခွင့်အာဏာ ပေးအပ်လိုက်ခြင်းက ဒုတိယကမ္ဘာစစ် ဖြစ်စေရန် မျိုးစေ့ချပေးလိုက်သလို ဖြစ်စေလေသည်။ ထို့အတူ ဂျာမနီသည် ပထမကမ္ဘာစစ်ပွဲတွင် နယ်မြေအချို့ ဆုံးရှုံးရသည်။ မြောက်ပိုင်း ဆလက်စ်ဗစ် ( Slesvig ) နယ်မြေက ဒိန်းမတ်နှင့် ပူးပေါင်းလိုကြောင်း လူထုဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးကြသည်။ စစ်ရှုံးသွားသော အော်တိုမန်အင်ပါယာက တူရကီသမ္မတနိုင်ငံနှင့် နိုင်ငံငယ်အများအပြားအဖြစ် ကွဲထွက်သွား သည်။ ၎င်းတို့မှာ ယီမင်၊ ဆီးရီးယားနှင့်လက်ဘနွန် (နောက်ပိုင်းတွင် ဆီးရီးယား၊ လက်ဘနွန်နှင့် ဟာဌေးနိုင်ငံ)၊ ပါလက်စတိုင်း( နောက်ပိုင်းတွင် ထရန်ဂျော်ဒန်နှင့် အစ္စရေး)၊ မက်ဆိုပိုတေးမီးယား (နောက်ပိုင်းတွင် အီရတ်)  တို့ ဖြစ်ကြသည်။ နိုင်ငံပေါင်းချုပ်အသင်းကြီး ဖွဲ့စည်းခြင်းမှာ ငြိမ်းချမ်းရေးသို့ သွားရောက်ရာလမ်းအဖြစ် ဤနိုင်ငံသစ်များကို စုစည်းရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စကားလုံးလှလှ သုံးထားသည့် ဖက်ဆစ်အမျိုးသားရေးဝါဒ ၁၉၂၀ နှင့် ၁၉၃၀ ပြည့်နှစ်များအတွင်း ကိုလိုနီစနစ် ဖျက်သိမ်းရေးလုပ်ငန်းစဉ်များ စတင်စအချိန်တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အောင်မြင်သော လှုပ်ရှားမှုတချို့ ရှိခဲ့သည်။ ဝက်စ်မင်စတာဥပဒေအရ အင်္ဂလန်သည် ကနေဒါ၊ နယူးဇီလန်၊ နယူးဖောင်လန်၊ အိုင်းရစ်ဖရီးစတိတ်၊ သြစတြေးလျနှင့် တောင်အာဖရိကတို့အပေါ် ၎င်းတို့၏ဆန္ဒမပါဘဲ ဥပဒေပြဋ္ဌာန်းခြင်း မပြုနိုင်ဟု ကြေညာကာ လွတ်လပ်ရေးပေးလိုက်လေသည်။ အီဂျစ်၊ အာဖဂန်နစ္စတန်နှင့် အီရတ်တို့သည် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့ကြပြီး လက်ဘနွန်သည် ပြင်သစ်အောက်မှ လွတ်လပ်ခဲ့သည်။ အိန္ဒိယ လွတ်လပ်ရေး လှုပ်ရှားမှုကဲ့သို့ ကြိုးပမ်းမှုများကတော့ မအောင်မြင်ခဲ့ကြသေးပေ။ အီတလီ၊ ဂျပန်နှင့် ဂျာမနီ တို့က ဒေသနယ်မြေတချို့ကို သူတို့၏ ချုပ်ကိုင်မှုအောက် ရောက်စေရန် ကြိုးစားကြခြင်းဖြင့် ဒုတိယကမ္ဘာစစ်ပွဲသို့ ဦးတည်နေတော့သည်။ အထူးသဖြင့် အဒေါ့ဖ်ဟစ်တလာက ၁၉၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အချက် ၂၅ ချက်ပါ အမျိုးသား ဆိုရှယ်လစ်လမ်းစဉ် ဆိုသည်ကို ထုတ်ပြန်၍ ဂျာမန်လူမျိုးရေးဝါဒ ရည်မှန်းချက်များကို လူသိရှင်ကြား ကြေညာခဲ့လေရာ ကြေညာချက်၏ ပထမဆုံးအပိုဒ်တွင် “ပြည်သူလူထု၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခြေခံမူဖြင့် ဂျာမန်အားလုံး မဟာဂျာမနီနိုင်ငံတွင် စုစည်းညီညွတ်ရန် ကျွန်ုပ် တောင်းဆိုလိုက်သည်”  ဟု ဖော်ပြပါထားလေသည်။ အာရှတိုက်တွင် ဂျန်ပန်နိုင်ငံသည် ရုရှား-ဂျပန် စစ်ပွဲနိုင်လိုက်ပြီးနောက် အင်အားကြီးနိုင်ငံတခု ဖြစ်လာလေရာ အနောက်တိုင်းအင်အားကြီးနိုင်ငံတို့၏ ပိုမိုလေးစားမှုကို ရရှိလာသည်။ ၁၉၃၀ ပြည့်နှစ်များတွင် မန်ချူးရီးယားကို ကျူးကျော် တိုက်ခိုက်ပြီးနောက် မန်ချူးရီးယားနှင့် အတွင်းမွန်ဂိုးလီးယားအရှေ့ပိုင်းတို့တွင် မန်ချူးကို ရုပ်သေးနိုင်ငံ ထူထောင်ပေးခဲ့သည်။ ဂျပန်သည် အခြားသော အာရှနိုင်ငံများကိုလည်း ကျူးကျော်သိမ်းပိုက်ပြီး ထိုပုံစံအတိုင်း လုပ်ဆောင်ကာ မဟာအရှေ့အာရှ သာတူညီမျှ ချမ်းသာကြွယ်ဝရေးအဖွဲ့ကြီးကို တည်ထောင်လေသည်။ ကုလသမဂ္ဂ ပဋိညာဉ် ၁၉၄၁ ခုနှစ်က ဒုတိယကမ္ဘာစစ် မဟာမိတ်များက အတ္တလန်တစ် ကြေညာချက်ကို ထုတ်ပြန်ကြေညာပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခြေခံမူများကို လက်ခံအတည်ပြုကြသည်။ ၁၉၄၂ ခုနှစ်တွင် ၂၆ နိုင်ငံတို့က အဆိုပါအခြေခံမူများ ပါဝင်သည့် ကုလသမဂ္ဂ ကြေညာစာတန်းကို လက်မှတ်ရေးထိုးကြလေသည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့် ၁၉၄၅ ခုနှစ်တွင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို အတည်ပြုသည့်အခါ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို နိုင်ငံတကာ တရားဥပဒေနှင့် သံတမန်ရေးဆိုင်ရာ မူဘောင်အဖြစ် ထည့်သွင်းခဲ့သည်။ သို့သော်လည်း ပဋိညာဉ်နှင့် တခြားသော ဆုံးဖြတ်ချက်များက ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိစေရေးအတွက် လုံးဝလွတ်လပ်ရေးသည် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း ခိုင်မာစွာ ထောက်ခံခြင်း မပြုခဲ့သလို အားပေးခြင်းလည်း မပြုခဲ့ချေ။ မည်သို့ပင်ဆိုစေ ၁၉၄၆ ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်း အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းတို့တွင် ၃၇ နိုင်ငံသည် ကိုလိုနီအရှင်သခင်များထံမှ လွတ်လပ်ရေး ရခဲ့ကြလေသည်။ (နောက်တပတ် ဆက်လက်ဖော်ပြပါမည်။) ရဲထွန်း (သီပေါ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024