ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နောင်းမီ၊ ဝါရာဇွတ်၊ ရှာဒူးဇွပ်နဲ့ တိန်ကောက်ကျေးရွာတွေမှာ လီဒိုကားလမ်းမကြီးဘေး ဝဲ ယာ မီတာ ၅၀၀၀ အတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်သွားမယ်လို့ တပ်မတော်က တားမြစ်စာ ထုတ်ပြန်လိုက်ပါတယ်။
နယ်မြေရှင်းလင်းပစ်ခတ်မှုတွေ လုပ်သွားဖို့ ရှိတာကြောင့် ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ဇွန် ၂၃ ရက်ကနေ ဇူလိုင် ၂ ရက်အတွင်း အမဲလိုက်၊ သစ်ဝါးခုတ်၊ ဟင်းသီးဟင်းရွက် သားငါးရှာဖွေတာနဲ့ တောင်ယာခုတ်တာတွေ မလုပ်ဖို့ တပ်မတော်က တားမြစ်စာမှာ ပါရှိပါတယ်။
အဆိုပါ တားမြစ်စာကို ရှာဒူဇွပ်အခြေစိုက် ခြေလျင်တပ်ရင်းအမှတ် ၂၉၇ တပ်ရင်းမှူးက လက်မှတ်ထိုးပြီး ဒီကနေ့ ဇွန် ၂၂ ရက်စွဲနဲ့ အဆိုပါ ကျေးရွာ ၄ ရွာရဲ့ အုပ်ချုပ်ရေမှူးတွေကိုဆီ လိပ်မူပေးပို့ထားတာပါ။
ဒီတားမြစ်ချက်ကို ကျေးရွာနေပြည်သူတွေကို အသိပေး အကြောင်းထားဖို့နဲ့ မသိရှိလို့ ထိခိုက်နစ်နာမှုတွေရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့ တာဝန်သာ ဖြစ်တယ်လို့လည်း တပ်မတော်က သတိပေးထားပါတယ်။