ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှေ့၌ ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေးလှုပ်ရှားမည်
ကိုမောင်
·
June 22, 2017
မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှေ့ ၈ မိုင် ခုံးကျော်တံတားအောက်မှာ ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လက်မှတ်ကောက်ခံ လှုပ်ရှားမှုပြုလုပ်ဖို့ စီစဉ်နေပါတယ်။
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန် အနောက်ပိုင်းခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး ဦးသိန်းလွင်က ဇွန် ၂၁ ရက်က သတင်းသမားတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှေ့မှာ ကားအဝင်အထွက်များတဲ့အတွက် ရွှေဘဲစားသောက်ဆိုင်နားမှာ ပြောင်းရွှေ့ပြုလုပ်ဖို့ ပြောဆိုခဲ့ပါတယ်။
မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီ အနေနဲ့ကတော့ နေရာရွှေ့ပေးရရင် တပ်မတော်က မီဒီယာတွေကို ပုဒ်မ ၆၆ ဃ နဲ့တရားစွဲဆိုမှုကို ကန့်ကွက်ပါသည်ဆိုတဲ့ ဗီနိုင်း စာသားချိတ်ဆွဲမယ်လို့ ပြောဆိုခဲ့ပါတယ်။
အနောက်ပိုင်းခရိုင်ဒုတိယရဲမှူးကြီး သိန်းလွင်က သတင်းသမားတွေဘက်က တင်ပြထားတဲ့ လက်မှတ်ထိုးလှုပ်ရှားမှု ကျင်းပမယ့် နေရာ ၂ ခုအနက် ၁ ခုကို ရွေးချယ် အကြောင်းပြန်မယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဇွန် ၂၃ ရက် မွန်းလွဲ ၁ နာရီကနေ ၃ နာရီအထိ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှေ့ ၈ မိုင်ခုံးကျော်တံတားအောက်မှာ ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လက်မှတ်သုဆောင်းပွဲ ကျင်းပရန်စီစဉ်ထားတာပါ။
ရဲတပ်ဖွဲ့က ပြန်လည် အကြောင်းကြားမှု ပေါ်မူတည်ပြီး ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လက်မှတ်စုဆောင်းပွဲကို မူလသတ်မှတ်ထားချိန်အတိုင်း ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။