ဟင်္သာတ နေအိမ်တလုံးတွင် ဓားထောက်လုယက်မှု ဖြစ်ပွား

1K
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တာငါးဆယ်ရပ်ကွက်၊ ကရင်ကျောင်းလမ်း အမှတ် ၃၀၉ နေအိမ်ကို အမျိုးသားတဦးက ၀င်ရောက်ပြီး ၆၇ နှစ်အရွယ် ဒေါ်ကြည်မြင့်အား ဓားနဲ့ထောက်ကာ ဆွဲကြိုး လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။
ဟင်္သာတမြို့နယ် ကရင်ကျောင်းလမ်းနေအိမ်မှာ ဇွန် ၂၀ ရက်နေ့ ည ၈ နာရီလောက်မှာ ၄ နှစ်အရွယ် မြေးနဲ့ အတူရှိနေတဲ့ ဒေါ်ကြည်မြင့်ထံ အသက်၂၅ နှစ်အရွယ် အမျိုးသားတဦးက ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီးနောက် သမီးဖြစ်သူ ဆရာမကို စာအုပ်ပေးစရာရှိလို့ပါဆိုပြီး အိမ်ထဲ ၀င်ရောက်လာတယ်လို့ ဆိုပါတယ်။
ဒီနောက်မှာတော့ လည်ပင်းကို ဓားနဲ့ထောက်ပြီး ကျပ် ၂၈ သိန်း ကျပ်တန်ဖိုးရှိ ရွှေဆွဲကြိုး သုံးကျပ်ခွဲသားကို လုယက်နေစဉ် ခင်ပွန်း ဖြစ်သူ ဦးစိုးတင့် အိပ်ခန်းအတွင်းမှ ထွက်လာလို့ အမည်မသိ လုယက်သူက ဆိုင်ကယ်နဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဒေါ်ကြည်မြင့်က ပြောပါတယ်။
အမှုဖြစ်စဉ်ကို ဟင်္သာတမြို့ အမှတ် ၂ ရဲစခန်းကို တိုင်ကြားခဲ့တာကြောင့် အခင်းဖြစ်နေရာကို မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ အဖွဲ့က သွားရောက်စစ်ဆေးချက်တွေရယူကာ အမည်မသိ လုယက်ထွက်ပြေးသွားသူ အမျိုးသားအား (ပ)၈၉/ပုဒ်မ ၃၉၂ အရ အမှုဖွင့်ပြီး လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
သတင်း - ကိုကြက်