A d v e r t i s e m e n t With Us

မြောင်းမြဘော်ဒါဆောင်မီးလောင်မှု စုံစမ်းဖော်ထုတ်မည်

ကျောင်းသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တဲ့မြောင်းမြမြို့က ကာယသုခဘော်ဒါဆောင် မီးလောင်မှုနဲ့ပတ်သက်လို့ တိုင်းအစိုးရအဖွဲ့အနေနဲ့ ဘာကြောင့် ဖြစ်ပွားတယ်ဆိုတာကို သေချာအောင်စုံစမ်းပြီး သက်ဆိုင်သူတွေအနေနဲ့ တာဝန်ယူမှုရှိအောင် ဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ဒီဗွီဘီကို ပြောပါတယ်။ ဇွန် ၁၄ ရက်နံနက် ၂ နာရီခွဲခန့်က မြောင်းမြမြို့က ကာယသုခဘော်ဒါဆောင်မှာ ကျောင်းသား ၅ ဦး နေထိုင်တဲ့ အခန်းတွင်း မီးလောင်ကျွမ်းခဲ့တာကြောင့် အသက် ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသားတွေဖြစ်တဲ့ ခန့်မင်းစံ၊ အောင်ထွဋ်အေး၊ မင်းခန့်တင်တို့ ဒဏ်ရာတွေ ရရှိခဲ့တာပါ။ ခန့်မင်းစံကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပြီး ဇွန်လ ၂၀ ရက်နေ့မှာတော့ မီးလောင်ဒဏ်ရာကြောင့် သေဆုံးခဲ့ပါတယ်။ မီးလောင်မှုက ခြင်ဆေးခွေထွန်းထားရကနေ ခန့်မင်းစံ ခုတင်ကစတင်ပြီး ခြင်ထောင် စောင်နဲ့ ဖျာတွေကို ကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။ ခြင်ဆေးခွေ ထွန်းညှိအသုံးပြုခဲ့တဲ့ သေဆုံးသူ ခန့်မင်းစံကို (ပ) ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၃၇/၃၃၈ ကနေ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၃၇/၃၀၄(က) ကို ပြောင်းလဲ ဖွင့်လှစ်ထားတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။ အခုဖြစ်ပွားမှုနဲ့ပတ်သက်လို့ အဓိက ဘာကြောင့်ဖြစ်ပွားတာလဲ ဆိုတာကို စုံစမ်းရဦးမှာ ဖြစ်ပြီး အနည်းဆုံးကတော့ ဘော်ဒါမှာ တာဝန်ယူထားတဲ့သူတွေအနေနဲ့ တာဝန်ယူ ဖြေရှင်းပေးရမှာ ဖြစ်တယ်လို့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up