စားသုံးရန်မသင့်သည့် လက်ဖက်၊ ချိုချဉ်နှင့် အရောင်တင်မှုန့် ၁၅ မျိုး အသိပေးကြေညာ
DVB
·
June 21, 2017
လက်ဖက်၊ ချိုချဉ်၊ ချယ်ရီသီး၊ ငါးပိနဲ့ အရောင်တင်မှုန့်တွေ အပါအဝင် အစားအသောက် အမျိုးအစား ၁၅ မျိုးမှာ ဆိုးဆေးပါနေတာကြောင့် အများပြည်သူ စားသုံးဖို့မသင့်တဲ့အကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။
ဈေးကွက်ထဲ ရောင်းချနေတဲ့ အစားသောက်တွေကို ဈေးတွေမှာ ဝယ်ယူစစ်ဆေးရာ အဆိုပါ အစားအစာတွေမှာ ခွင့်မပြုတဲ့ Auramine O နဲ့ Rhodamine B ဆိုးဆေးတွေ ပါဝင်နေလို့ စားသုံးဖို့ မသင့်တဲ့ကြောင်း ကြေညာလိုက်တာပါ။
ကြေညာထားတဲ့ အမှတ်တံဆိပ်နဲ့ အစားအသောက် အမျိုးအစားတွေထဲမှာ အောင်ဆုမွန်လက်ဖက်၊ အောင်ဆုမွန် လက်ဖက်ထောင်းနှပ်၊ ရွှေသရဖူလက်ဖက်၊ ဟော်နန်းသူဇာ လက်ဖက်ခြောက် (အချိုခောက်)၊ စိန်မြပုစွန်ငါးပိ၊ ထိပ်တန်း အရောင်တင်မှုန့်၊ မြဟန်ဂုဏ် အရောင်တင်မှုန့်တို့ ပါဝင်ပါတယ်။
ဒါ့အပြင် ယုငရုတ်သီးပုံ ချိုချဉ်၊ ပွင့်လန်း ရောင်စုံဘောလုံးချိုချဉ်၊ WPK ချယ်ရီသီး၊ ဇွန်ပန်းနွယ် ချယ်ရီသီး၊ Miki-ko ချယ်ရီသီး၊ ရွှေပင်လယ် ကြက်သွန်မုန့်၊ လင်းလင်းဖြိုး မရွေး၊ မေငြိမ်းချမ်း ပဲကြီးလှော် အမှတ်တံဆိပ်တွေလည်း ပါဝင်ပါတယ်။