Home
မြန်မာသတင်း
ကယားပြည်နယ်တွင် တပ်များ ရုပ်သိမ်းပြီး ရေကာတာစီမံကိန်းများ ရပ်စဲပေးရန် တောင်းဆို
DVB
·
June 21, 2017
ကယားပြည်နယ်မှာ ငြိမ်းချမ်းရေးကို မြှင့်တင်ရေးအတွက် အစိုးရတပ်တွေ ရုပ်သိမ်းပေးဖို့၊ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းတွေ ရပ်စဲပေးဖို့နဲ့ ဒုက္ခသည်တွေအတွက် ဖူလုံတဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ကရင်နီ အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (KCSN) က တောင်းဆိုလိုက်ပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက် အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပြီး သဘောတူညီချက်အချို့ ရရှိလာပေမယ့်  ဒီနေ့အချိန်အထိ ကရင်နီဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို အာမခံပေးနိုင်မယ့် ခိုင်မာတဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ မရရှိသေးကြောင်းလည်း ထုတ်ပြန်ပါတယ်။ ခိုင်မာတဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု မရှိပေမယ့် အစိုးရသစ်လက်ထက် ရွှေတောင်ကုမ္ပဏီက ဒေသခံလူထုကို တိုင်ပင်ညှိနှိုင်းမှုမရှိဘဲ ဘောလခဲမြို့နယ်အတွင်းရှိ ပွန်ချောင်းမှာ အထက်ဟော်ခမ်းရေကာတာ တည်ဆောက်ဖို့ တိုင်းတာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ရေကာတာဟာ ပွန်ချောင်း၊ သံလွင်မြစ်ရဲ့ မြစ်လက်တက်တခုပေါ်မှာ လျာထားတဲ့ ရေကာတာ ၅ ခုထဲက တခုဖြစ်ပြီး  စင်ကာပူကုမ္ပဏီတခုနဲ့ ပူးတွဲပြုလုပ်မယ့် စီမံကိန်းဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးသဘောတူညီချက် မရှိသေးပေမယ့် ထိုင်းနယ်စပ်ရှိ လူဦးရေ ၁၂၀၀၀ ကျော်နေထိုင်တဲ့ ကရင်နီဒုက္ခသည်စခန်း ၂ က ဒုက္ခသည်တွေအတွက် လူသားချင်း အကူအညီတွေလည်း ဖြတ်တောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ခိုင်မာတဲ့ သဘောတူညီချက် မရှိပါက ဒုက္ခသည်တွေ အိမ်ပြန်ဖို့ အခက်အခဲများစွာ ကြုံတွေ့ရနိုင်ပြီး မြန်မာစစ်တပ်က လျှော့ချခြင်းမရှိတဲ့အတွက် လုံခြုံရေးအာမခံချက် မရှိတာ၊ သူတို့အတွက်  အဆင့်အတန်း၊ မြေယာ၊ အသက်မွေးဝမ်းကျောင်းနဲ့ လူမှုကယ်ဆယ်ရေးအတွက် အစီအစဉ်တွေ  အာမခံချက်ပေးနိုင်တဲ့  သဘောတူညီချက်တွေ မရှိသေးဘူးလို့လည်း ဖော်ပြပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ မြန်မာစစ်တပ်တွေ ဒေသတွင်းက စတင်ရုပ်သိမ်းဖို့နဲ့ အမှတ် ၁၄ တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းကို ရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် စီမံကိန်းတွေ ပြုလုပ်ရာမှာ  ဒေသခံလူထုက  ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်ပြုပြင်ပြောင်းလဲမှု မရှိမချင်း အကြီးစားစီမံကိန်းတွေ အကောင်အထည်ဖော်မှုကို ရပ်တန့်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ အလှူရှင်တွေအနေနဲ့ ထိုင်းနိုင်ငံရှိ ဒုက္ခသည်တွေကို မိမိတို့ဆန္ဒအလျောက်၊ လုံခြုံစိတ်ချ ဂုဏ်သိက္ခာရှိစွာ အိမ်မပြန်ရမချင်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ဆက်လက်ကူညီထောက်ပံ့ပေးဖို့လည်း တောင်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024