မိုင်းဖြတ်တွင် ယာဉ်တစီး ချောက်ထဲထိုးကျ၊ မြေစာရင်း လက်ထောက်ဦးစီးမှူး သေဆုံး
DVB
·
June 21, 2017
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်၊ ဆိုင်လေကျေးရွာအနီးမှာ ဇွန် ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ယာဉ်တစီး ချောက်ထဲထိုးကျတဲ့အတွက် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းတဦး သေဆုံးသွားတယ်လို့ တာချီလိတ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။
ချောက်ထဲ ပြုတ်ကျခဲ့တဲ့ မော်တော်ယာဉ်ဟာ ကျိုင်းတုံမြို့ကနေ တာလေမြို့ကို ထွက်ခွာလာတာဖြစ်ပြီး မိုင်းဖြတ်မြို့မရောက်ခင် ဆိုင်လေကျေးရွာအနီးက မိုင်တိုင်အမှတ် ၇၀၂ နဲ့ ၇၀၃ အကြား ပေ ၅၀ အနက်ရှိတဲ့ ချောက်ထဲကို ထိုးကျခဲ့တာလို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
ယာဉ်မောင်းလာတဲ့သူကတော့ တာလေမြို့ မြေစာရင်းဦးစီးဌာနက လက်ထောက်ဦးစီးမှူး ဦးကျော်စိုးဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။
ယာဉ်မောင်းလာသူနဲ့ အတူလိုက်ပါလာတဲ့ ဇနီးဖြစ်သူနဲ့ အမျိုးသားတဦးကတော့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိပြီး အသက်အန္တရာယ်စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။
ယာဉ်မတော်တဆ တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး မိုင်းဖြတ်မြို့မရဲစခန်းက သေဆုံးသူ မြေစာရင်းဝန်ထမ်းကို ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ အမှုဖွင့်လှစ်ထားရှိတယ်လို့ သိရပါတယ်။
သတင်း - ကိုဇက်(တာချီလိတ်)