Home
မြန်မာသတင်း
ကလေးမြို့ ရပ်ကွက် ၂ ခု သောက်သုံးရေ ပြတ်လပ်
DVB
·
June 20, 2017
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ မိုးအနည်းငယ်ရွာပေမယ့် အနောက်ပိုင်းရပ်ကွက်တွေ ဖြစ်တဲ့ လှိုင်သာယာနဲ့ ကြို့သုံးပင်ရပ်ကွက်တွေမှာ ရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။   ဒီရပ်ကွက် ၂ ခုက ရေတွင်းတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တ တပတ်ခန့်ကတည်းက သောက်သုံးရေ စတင်ခန်းခြောက်လာတာဖြစ်ပြီး ဒီနေ့မှာတော့ လှိုင်သာယာရပ်ကွက်က ရေတွင်းတွေ ရေမရတော့ဘူးလို့ သိရပါတယ်။ လှိုင်သာရပ်ကွက် ရပ်မိရပ်ဖတဦးဖြစ်တဲ့ ကိုနန်ပွီးက “ရေပြတ်တာတော့ လှိုင်သာယာရပ်ကွက်က ပိုဆိုးနေပြီ။ ရေတွင်းတွေ ခန်းကုန်ပြီ။ ကျနော်တို့ ကြို့သုံးပင်ရပ်ကွက်ကတော့ ရေတွင်း ၃ တွင်း ကျန်သေးတော့ မျှသုံးနေတယ်။ စာသင်ကျောင်းအတွက်တော့ ရေအလှူရှင်တွေ လာလှူပေးနေတယ်။ သိပ်တော့ မခက်ခဲသေးဘူး” လို့ ပြောပါတယ်။ ဒီရပ်ကွက် ၂ ခုမှာ ၂၀၁၅ ခုနှစ် ကလေးဒေသ ရေကြီးရေလျှံပြီးနောက်ပိုင်း နွေနဲ့ မိုးရာသီတွေမှာပါ ရေတွင်းတွေ မကြာခဏ ခန်းခြောက်လာပြီး သောက်သုံးရေ အခက်အခဲတွေ ကြုံတွေ့လာရပြီး ကလေးလွင်ပြင် ရေဘေးကူညီသူများအဖွဲ့နဲ့ မြို့နယ်အစီအမံနဲ့ မီးသတ်ရေယာဉ် အသုံးပြု ရေပေးဝေမှုတွေ ဆောင်ရွက်ပေးနေရပါတယ်။ “ကြို့သုံးပင်မှာ အရေးပေါ် ရေကန်တွေကို မိုးကာစနဲ့လုပ်ပြီး လောလောဆယ် ရေရဖို့ ကျနော်တို့ ကလေးလွင်ပြင်အဖွဲ့က ရေကားနဲ့ အဲဒီကန်တွေကို ရေပေးဝေနေရတယ်။ မိုးကျနေပေမယ့် ရေက ခက်ခဲနေတုန်းပဲ။ ဒီနေ့လည်း အရေးပေါ် ရေကန်တွေကို ရေပေးနေရတုန်းပဲ။ မိုးရွာလို့ ပြန်ခဲ့တာ” လို့ ကလေးလွင်ပြင် ရေဘေးကူညီထောက်ပံ့ရေးအဖွဲ့က ရေကားအကူမောင်းပေးနေတဲ့ ကိုတင်အောင်ဆင့်က ပြောပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024