Home
မေးမြန်းခန်း
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှု ရပ်သွားနိုင်တဲ့အနေအထားမျိုး မရှိပါဘူး - ဦးရန်နိုင်ထွန်း (ညွှန်ကြားရေးမှူးချုပ်)
အောင်သူ
·
June 20, 2017
တရုတ်နိုင်ငံဘဏ်တွေမှာ ငွေစာရင်းဖွင့်လှစ်ထားတဲ့ မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေ အပိတ်ခံထားရတာကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းသွားနိုင်တာမျိုး မရှိနိုင်ဘူးလို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။ အွန်လိုင်းလောင်းကစားတွေ လုပ်ကိုင်ပြီး တရားမဝင် ငွေလွှဲပြောင်းမှုတွေ ရှိနေတာကြောင့် တရုတ်နိုင်ငံ ရွှေလီမြို့ပေါ်ရှိ ဘဏ်ခွဲတွေက ဘဏ်စာရင်းတွေကို တရုတ်အာဏာပိုင်တွေက စစ်ဆေးဖို့ ခေတ္တပိတ်ထားခဲ့ရာမှာ မြန်မာနိုင်ငံသားပိုင် ဘဏ်စာရင်း ၁၃၂ ခု ပါဝင်သွားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေကို သိရဖို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ တရုတ်နိုင်ငံမှာ ဘဏ်အကောင့်ဖွင့်ထားတဲ့ ကျနော်တို့ မြန်မာနိုင်ငံက ကုန်သည်တွေရဲ့ ဘဏ်အကောင့် ပိတ်လိုက်တာနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုတွေ ဆောင်ရွက်ပေးဖို့ရှိမလဲဆိုတာ သိချင်လို့ပါ။ “ကျနော်တို့တွေ ဒီဖြစ်စဉ် သိရတာဟာ ဇွန်လ ၁၅ ရက်နေ့မှာ စသိရတယ်။ သိရတဲ့အချိန်မှာကတည်းက တရုတ်နိုင်ငံ စီးပွားရေးကောင်စစ်ဝန်ရော၊ ဒီဘက်က မြန်မာနိုင်ငံဘက်ခြမ်းက ကောင်စစ်ဝန်ချုပ်ကိုရောပေါ့နော်။ သူတို့ကိုပါ ကျနော်တို့ အသိပေးတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျနော်တို့တွေ ပြန်စိစစ်ကြတယ်။ ၁၆ ရက်နေ့မှာ ထပ်ပြီးဖြစ်တယ်လို့ ကျနော်တို့သိရတယ်။ သိရတဲ့အချိန်မှာ တရုတ်နိုင်ငံသံရုံးကို ကျနော်တို့ တရားဝင် အကြောင်းကြားတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ် စိစစ်ပေးပါ၊ နောက်တခုက ပိတ်ထားတဲ့ အကောင့်တွေနဲ့ ပတ်သက်ပြီးတော့ ဖွင့်ပေးဖို့ကိစ္စကို ကျနော်တို့ ညှိနှိုင်းတယ်။ ဇွန်လ ၁၇ ရက်နေ့မှာ ကျနော်တို့ဆီက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ရွှေလီအစိုးရကို စာနဲ့ တရားဝင်ညှိခိုင်းတယ်။ ဒီအကောင့်တွေ ပြန်ဖွင့်ပေးဖို့ရယ်၊ နှစ်နိုင်ငံကုန်သွယ်မှုမှာ အခက်အခဲတွေ မဖြစ်လာနိုင်ဖို့အတွက်ရယ် ဒီဥစ္စာလေးကို ညှိနှိုင်းခိုင်းတယ်။ အလားတူပဲ ၁၇ ရက်နေ့မှာပဲ တရုတ်နိုင်ငံသံရုံးကို ဝန်ကြီးဌာနအနေနဲ့ တရားဝင်စာနဲ့ ကျနော်တို့ ညှိပါတယ်။ နောက်တခါ ၁၈ ရက်နေ့က ကျနော်တို့တွေ တရုတ်နိုင်ငံ၊ ရွှေလီ ဒုတိယမြို့တော်ဝန် ဦးစီးတဲ့အဖွဲ့နဲ့ ကျနော်တို့ဆီက ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး၊ မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး ဦးစီးပြီးတော့ ကျနော်တို့ ခရိုင်အုပ်ချုပ်ရေး အပါအဝင် မူဆယ်မှာ တရားဝင် တွေ့ဆုံပြီးတော့ ညှိနှိုင်းတယ်။" "ညှိနှိုင်းချက်တွေအရ သူတို့ဘက်ကလည်း ပူးပေါင်းဆောင်ရွက်နေတယ်။ ဖြစ်စဉ်အရကတော့ ကျနော်တို့ကို သူတို့ရှင်းပြတဲ့ အနေအထားပေါ့။ ရှင်းပြတာကတော့ တရုတ်နိုင်ငံအတွင်း အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်တဲ့အဖွဲ့ကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ စောင့်ကြည့်နေတယ်။ စောင့်ကြည့်ပြီးတဲ့အခါကျမှ အဲဒီ အွန်လိုင်းလောင်းကစားအနေနဲ့ ပါတဲ့ တရုတ်နိုင်ငံက အကောင့် ၅၀၀၀ ကျော်လောက်ကို သူတို့ ပိတ်လိုက်တယ်ဆိုပြီးတော့ သူတို့ ရှင်းပြပါတယ်။ ဒီလို အကောင့် ၅၀၀၀ ပိတ်တဲ့အခါမှာ မူဆယ်နဲ့ ရွှေလီနဲ့ ဆက်စပ်နေတဲ့ မူဆယ်-ရွှေလီ ဒေသအတွင်းမှာ အကောင့် ၃၄၉ ပါသွားတယ်လို့ သူတို့ ပြောတယ်။ အဲဒီအကောင့် ၃၄၉ ထဲမှာ မြန်မာအကောင့်က ၁၃၂ ခု ပါတယ်လို့ သူတို့ ပြောတယ်။" "အဲဒီတော့ မြန်မာအကောင့်တွေပါတာက အွန်လိုင်းလောင်းကစားနဲ့ ပတ်သက်တာတော့ တိုက်ရိုက်မဟုတ်ဘူး။ ဒါပေမယ့် လောင်းကစားနဲ့ပတ်သက်တဲ့ လူတွေနဲ့ ငွေအပေးအယူ လိုင်းပေါ်မှာ စိစစ်နေတာ၊ ဆောင်ရွက်နေတဲ့ အနေအထားတွေ တွေ့ရတဲ့အတွက်ကြောင့်မို့လို့ ဆိုပြီး သူတို့က ရှင်းပြတယ်။ လောင်းကစားသူတွေနဲ့ အဆက်အသွယ်ရှိနေတဲ့ ငွေအကောင့် ချိတ်ဆက်လုပ်ထားတဲ့ အပေးအယူရှိနေတဲ့ အကောင့်တွေကို ဆက်စပ်ပြီးလုပ်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ပြန်ပြီးတော့ အဖွဲ့နဲ့ စိစစ်ပေးပါမယ်ဆိုပြီး သူတို့ပြောပါတယ်။" "ပြောတဲ့အခါကျတော့ တဘက်မှာ ဒီဖြစ်စဉ်ကို တရုတ်နိုင်ငံ ရွှေလီမြို့မှာရှိနေတဲ့ ဒုတိယမြို့တော်ဝန် ဦးစီးတဲ့အဖွဲ့နဲ့ သူတို့အပိုင်းကနေ စိစစ်ပေးနေပါတယ်။ တဘက်မှာလည်း ကျနော်တို့အပိုင်းက ဒါတွေနဲ့ပတ်သက်လို့ပေါ့။ အချိန်နဲ့တပြေးညီ သက်ဆိုင်ရာနိုင်ငံသံရုံးရော အောက်ခြေမှာလည်း အခုလို တဘက်နိုင်ငံနဲ့ရော ညှိနေတယ်။ ညှိတဲ့အခါမှာ ဒီနေ့မနက်မှာ တရုတ်နိုင်ငံ သံရုံးကနေပြီးတော့ ဒါနဲ့ပတ်သက်ပြီး သူတို့နိုင်ငံရဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနတို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့၊ တရုတ်နိုင်ငံ အစိုးရတို့ကို သူတို့အနေနဲ့ တင်ပြထားတယ်။ သူတို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးနေတယ်ဆိုတာကို ဒါလေး ရှင်းပြပါတယ်။” ရှင်းပြတယ် ဆိုတာလေ၊ ရွှေလီအစိုးရက ရှင်းပြတာလား ခင်ဗျ။ “ရွှေလီအစိုးရကလည်း မနေ့က အစည်းအဝေးမှာ တရားဝင်ရှင်းပြတယ်။ ဒီနေ့မှာ တရုတ်နိုင်ငံ သံရုံးကနေပြီး ကျနော်တို့ဝန်ကြီးဌာနကို တရားဝင် အသိပေးပါတယ်။ သူတို့ ဆောင်ရွက်နေတယ် ဆိုတာလေးကို သူတို့ အသိပေးပါတယ်။” အပြင်မှာထွက်နေတဲ့သတင်းတွေအရ တရုတ်နိုင်ငံထဲဝင်နေတဲ့ မှောင်ခိုဂိုဏ်းတွေကို ဖြေရှင်းဖို့အတွက် အခုလိုမျိုး လုပ်တယ်ဆိုတာ မဟုတ်ဘူးပေါ့နော်။ “သူတို့ အဓိကလုပ်တယ်ဆိုတာကတော့ တရုတ်နိုင်ငံတွင်းမှာ အွန်လိုင်းကနေ လောင်းကစားလုပ်တဲ့ဂိုဏ်းကို သူတို့တွေ စပြီး ဖြိုခွင်းတယ်ပေါ့။ အဲဒီလို ဖြိုခွင်းတဲ့အခါမှာ လွန်ခဲ့တဲ့ ၈ လလောက်ကတည်းက သူတို့ စောင့်ကြည့်တယ်ဆိုပြီးတော့ သူတို့ဝက်ဆိုက်မှာ တရားဝင် တင်ပါတယ်။ ကျနော်တို့ကို သက်ဆိုင်ရာကနေ အသိပေးတဲ့ အနေအထားကရော၊ လက်ရှိမှာ အကောင့် ၅၀၀၀ လောက်ကို သူတို့ပိတ်ထားတယ်ဆိုတာ သူတို့ပြောတယ်။ လက်ရှိမှာ သူတို့နိုင်ငံထဲမှာ အဓိကပတ်သက်နေတဲ့ လူ ၂၅ ဦးလောက်ကို ဖမ်းထားတယ်လို့ ပြောတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနကနေပြီး တိုက်ရိုက်ကြီးကြပ်ကွပ်ကဲပြီးတော့ ၈ လကြာ အသေးစိတ် ထောက်လှမ်းစုံစမ်းပြီးမှ ဆောင်ရွက်ထားတယ်ဆိုတာ သူတို့ ပြောပါတယ်။” ဟုတ်ကဲ့ပါ။ ဒါဆိုရင် မြန်မာနိုင်ငံသားတွေက အကောင့်ဘယ်လောက်ပါတယ်လို့ ဆရာတို့ ပြန်ပြီးဖြေရှင်းပေးတာ ရှိလဲခင်ဗျ။ “ကျနော်တို့ကို သူတို့ အသိပေးတာကတော့ ၁၃၂ ခုပေါ့။ မနေ့က ကျနော်တို့နဲ့တွေ့တဲ့ အစည်းအဝေးမှာ ၁၃၂ ခု ပါတယ်ဆိုပြီးတော့ အသိပေးတယ်။” ပိတ်ထားတဲ့ ငွေပမာဏကရော ဘယ်လောက်ရှိနိုင်လဲ။ “သူတို့ရေးထားတဲ့ စာရင်းအရတော့ ယွမ် ၂၉၈ သိန်းလောက် ရှိတယ်ဆိုပြီးတော့ ကျနော်တို့ကို ပြောတယ်။ မြန်မာငွေတန်ဖိုးနဲ့ဆိုရင်တော့ ၁၉၀ လောက်နဲ့ မြှောက်ပေါ့။" ဝန်ကြီးဌာနအနေနဲ့ အခုဆိုရင် ဒီလိုမျိုး ဆောင်ရွက်ထားတဲ့အပေါ်မှာ တချို့ကလည်း နယ်စပ်ကုန်သွယ်မှုတွေ ရပ်ဆိုင်းသွားမယ်ဆိုတဲ့ အခြေအနေမျိုးရှိတယ်ဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေဘက်က သုံးသပ်တာတွေရှိတယ်။ အဲဒီအပေါ်မှာရော ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်လဲ။ ဘယ်လိုများ ဖြေရှင်းဆောင်ရွက်မလဲ။ “လောလောဆယ်ကတော့ ကုန်သွယ်မှု ပုံမှန်ဖြစ်နေတယ်။ ကုန်သွယ်မှုတွေ ရပ်ဆိုင်းသွားတာ မရှိသေးဘူး။ တဘက်မှာလည်း ကျနော်တို့က MEB က တရုတ်နိုင်ငံ ABC Bank နဲ့ MOU ထိုးထားတာရှိတယ်။ အဲဒီစနစ်အရ Bank Draft နဲ့ ကျနော်တို့ နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ ငွေပေးငွေချေမှုတွေ လုပ်လို့ရတယ်။ ဒါက နည်းလမ်းတခုပေါ့။ ဒါပေမယ့် တဘက်နိုင်ငံအနေနဲ့လည်း သူတို့ ကုန်သွယ်မှု အရပ်မခံဘူးဆိုပြီးတော့ ပြောပါတယ်။” လုပ်ငန်းရှင်တွေ အများစုကတော့ မူဆယ်ကနေပြီးတော့ တရုတ်နိုင်ငံဘက်ကို ကုန်သွယ်မှုတွေ လုပ်တဲ့အခါမှာ တရားမဝင်မှုတွေ ရှိနေတယ်ပေါ့။ အဲဒီအပေါ်မှာ အစိုးရအနေနဲ့ တရားဝင်မှုတွေ ဖြစ်လာအောင် အစိုးရချင်းလုပ်ဖို့အတွက် လိုအပ်တယ်လို့ သုံးသပ်ကြတာတွေလည်း ရှိတယ်ပေါ့။ ဆန်တွေ၊ တချို့ဟာတွေဆိုရင် တရုတ်ဘက်က တရားဝင် ခွင့်မပြုထားတဲ့အရာတွေ ရှိတယ်ပေါ့နော်။ အဲဒီလိုမျိုးတွေကို အစိုးရက တရားဝင်အောင် လုပ်ပေးသင့်တယ်လို့ ပြောတာတွေ ရှိတယ်ပေါ့နော်။ ဝန်ကြီးဌာနအနေနဲ့ရော ဒီပေါ်မှာ ဘယ်လိုများ လုပ်သွားဖို့ရှိလဲ။ “တဘက်နိုင်ငံကို ကျနော်တို့ဆီကနေ ဆန်လိုမျိုး၊ ပြောင်းလိုမျိုး တရားဝင်ပို့တယ်။ တဘက်နိုင်ငံမှာ တရားမဝင်ဘူးဆိုပြီးတော့ ပြောကြတယ်။ တဘက်နိုင်ငံအနေနဲ့က ၂၀၀၂ ခုနှစ်ကတည်းက WTO ကိုဝင်တယ်။ ဝင်တဲ့အချိန်ကတည်းက ဆန်၊ ပြောင်း၊ သကြားလို ကုန်ပစ္စည်း အမယ်တွေကို သူက Sensitive List အနေနဲ့ သတ်မှတ်တယ်။ သတ်မှတ်ပြီး WTO မှာ Notify လုပ်လိုက်တယ်။ လုပ်ထားတဲ့အရ သူက ဒီပေါ်မှာ သူ့ကိုတာ သတ်မှတ်ခွင့်ရှိတယ်။ အခွန်တိုးမြှင့်ကောက်ခံခွင့် ရှိတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ သူက WD ရဲ့ သတ်မှတ်ချက်အတိုင်း Notify လုပ်ထားတဲ့အတိုင်း သူဆောင်ရွက်နေတယ်။ အဲဒီတော့ ကျနော်တို့ဘက်ကလည်း ဆန်တို့၊ ပြောင်းတို့၊ သကြားတို့ အပါအဝင် တရားဝင် တင်ပို့ခွင့်ရရေးအတွက်ကို ပြီးခဲ့တဲ့ ကာလတွေကတည်းကိုက ကျနော်တို့ အကြိမ်ကြိမ်ညှိတယ်။ နိုင်ငံတော်အကြီးအကဲတွေရဲ့ ပြည်တွင်းပြည်ပ ခရီးစဉ်တွေမှာရော၊ တဘက်နိုင်ငံရဲ့ တာဝန်ရှိတဲ့သူတွေရဲ့ ပြည်တွင်းခရီးစဉ်တွေမှာရော ကျနော်တို့တွေ အကြိမ်ကြိမ်ညှိတယ်။" "ဆောင်လည်း ဆောင်ရွက်ပေးနေတယ်။ အဲဒီတော့ ပြောင်းလိုဟာမျိုးမှာ ကျနော်တို့က ကိုတာနဲ့ ပို့ပေးတယ်။ ဆန်လိုဟာမျိုးမှာလည်း ကိုတာနဲ့ပေးတယ်။ အဲဒီတော့ အနီးစပ်ဆုံးဆိုရင် ၂၀၁၄ ခုနှစ်မှာ တရုတ်နိုင်ငံကနေ ကျနော်တို့ကို ဆန်တန် ၁ သိန်း ကိုတာ ပေးပါတယ်။ သူ့ရဲ့ အရည်အသွေး သတ်မှတ်ချက်အရက အရမ်းမြင့်တဲ့အခါမှာ ကျနော်တို့ဆီက သတ်မှတ်ကာလအတွင်း အပြည့်အဝ မပို့နိုင်တဲ့ အနေအထား ဖြစ်တယ်။ ဒါက တရားဝင်လမ်းကြောင်းက။ ဒါပေမယ့် ဒီဘက်က နယ်စပ်မှာ ပို့တဲ့အခါကျတော့ ဘယ်လိုအမျိုးအစား၊ အရေအတွက်ပဲဖြစ်ဖြစ် အောက်ခြေမှာကတော့ ပို့လို့ရနေတယ်။" "နောက်တခုကတော့ ပြီးခဲ့တဲ့အပတ်တွေအတွင်းမှာ ပြည်ထောင်စုဝန်ကြီး တရုတ်ပြည်ခရီးစဉ်ရှိတယ်။ တရုတ်ပြည်ခရီးစဉ်အတွင်းမှာ ယူနန်ပြည်နယ်မှာ ရှိနေတဲ့ တာဝန်ရှိသူတွေနဲ့ရော၊ ကျနော်တို့နဲ့ ကုန်သွယ်မှု ဆက်စပ်နေတဲ့ ဒယ်ဟုန်းပြည်နယ်ခွဲတို့၊ လန်ချန်းပြည်နယ်ခွဲတို့က တာဝန်ရှိတဲ့သူတွေနဲ့ရော လယ်ယာထွက်ကုန်ကို တရားဝင် တင်ပို့ခွင့်ရရေးအတွက် ကျနော်တို့ ရက်ပိုင်းအတွင်း ညှိနှိုင်းခဲ့တယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာလည်း တရုတ်နိုင်ငံကနေပြီးတော့ ဆန်ကိုတာခွဲတမ်း တန် ၂ သိန်း လက်ခံပေးဖို့ဆိုပြီး ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ တရားဝင်ညှိထားပြီး ဖြစ်တယ်။ ဒီနေရာမှာ ကျနော်ပြောချင်တာက နိုင်ငံတော်အစိုးရအနေနဲ့ရော၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ရော၊ တာဝန်ရှိတဲ့သူတွေ အနေနဲ့ရော ဒါနဲ့ပတ်သက်ပြီး အကြိမ်ကြိမ် ညှိနှိုင်းပေးနေတယ်။ လက်ရှိလည်း ဆောင်ရွက်ပေးနေတယ်ဆိုတာ အသိပေးလိုပါတယ်။” အခု ဆရာ့အပြောအရဆိုရင် နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းတဲ့ အနေအထားမျိုး မရှိဘူးပေါ့နော်။ နောက်တခုက အစိုးရအနေနဲ့ ပိတ်ထားတဲ့ ဘဏ်အကောင့်တွေကို ဟိုဘက် အစိုးရကနေပြီး ဘယ်အချိန် ဘယ်ကာလမှာ ပြန်ပြီးတော့ ဖွင့်ပေးနိုင်တဲ့ အနေအထားမျိုးရှိလဲ။ “သူတို့တွေရဲ့ ဆွေးနွေးချက်အရ ဒယ်ဟုန်းပြည်နယ် အခုဖွဲ့ထားတဲ့အဖွဲ့ဟာ အရှိန်အဟုန်နဲ့ စိစစ်နေတယ်။ စိစစ်တွေ့ရှိချက်တွေကို သူတို့ ယူနန်ပြည်နယ်ကို တင်ပြမယ်။ ယူနန်ပြည်နယ်ကနေပြီးတော့ ဗဟိုအစိုးရကို တင်ပြပြီး အချိန်နဲ့ အမြန်ဆုံး ဆောင်ရွက်ပေးမယ်လို့ သူတို့ ကျနော်တို့ကို ဆွေးနွေးပါတယ်။ အချိန်ကာလ ဘယ်လောက်သတ်မှတ်တယ်၊ ဘယ်အချိန်အတွင်း ပြီးမယ်ဆိုတာတော့ ကျနော် မပြောနိုင်ပါဘူး။ အမြန်ဆုံးဖြစ်အောင် ကျနော်တို့အပိုင်းကလည်း လုပ်နေတယ်။ အမြန်ဆုံးလည်း တွန်းအားပေးနေတယ်။ အမြန်ဆုံးလည်း ညှိပေးနေတယ်။ တဘက်နိုင်ငံ ဒီဘက်က သံရုံးအပါအဝင် အောက်ခြေမှာလည်း ပူးပေါင်းဆောင်ရွက်ပေးနေတယ်ဆိုတာ အသိပေးလိုပါတယ်။” အဲဒါဆိုရင် လုပ်ငန်းရှင်တွေပြောသလို ဒီကိစ္စအတွက်ကြောင့် နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းသွားနိုင်မယ့် အနေအထားမျိုးရော ရှိလာနိုင်လား ဆရာ။ “မရှိနိုင်ဘူးလို့ ထင်ပါတယ်။ သာမန်အားဖြင့် ရက်ကာလ ကြာရှည်စွာ မဖြစ်ဘူးဆိုရင် မရှိနိုင်ဘူးလို့ ထင်ပါတယ်။” ကြာသွားရင်ရော ရှိလာနိုင်မယ့် အလားအလာ ရှိနိုင်တယ်ပေါ့နော် ဆရာ။ “ကြာသွားရင် အခက်အခဲတခုတော့ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ရပ်ဆိုင်းသွားတဲ့ အနေအထားမျိုးတော့ မဖြစ်အောင်လို့ တဘက်ကုန်သည်တွေရော လုပ်ငန်းရှင်တွေရာ နည်းလမ်းရှာ ကြိုးစားကြမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာလည်း ဒီကုန်သွယ်မှုလုပ်တဲ့နေရာမှာ အခုပိတ်ထားတဲ့ ကုန်သည် ၁၃၂ ဦးတည်းနဲ့ လုပ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကုန်သွယ်မှုလုပ်တဲ့ပမာဏဟာ ကုမ္ပဏီများစွာ၊ လူများစွာလုပ်တာ ဖြစ်တဲ့အတွက် ကျန်တဲ့ ဖွင့်ထားတဲ့ ကုမ္ပဏီ အကောင့်တွေကနေ တိုက်ရိုက်ဆောင်ရွက်လို့ရပါတယ်။ ဒါကြောင့်မို့ ကုန်သွယ်မှုက ရပ်သွားနိုင်တဲ့အနေအထားမျိုး မရှိပါဘူး။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024