Home
မြန်မာသတင်း
ယူအန်အက်ဖ်စီညီလာခံ ထိုင်းတွင် ကျင်းပ၊ နုတ်ထွက်သည့်ကိစ္စ ကေအိုင်အို ရှင်းလင်း
နော်နိုရင်း
·
June 20, 2017
တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစု ဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(ယူအန်အက်ဖ်စီ)ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံကို ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ စတင်တင်ကျင်းပနေပါတယ်။ ဒီညီလာခံကို ဇွန် ၂၀ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး အဖွဲ့ဝင်အဖြစ်ကကနေ နုတ်ထွက်ထားတဲ့ ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး (ပီအက်စ်အယ်လ်အက်ဖ်/တီအန်အယ်လ်အေ)၊  ဝ အမျိုးသားအဖွဲ့ချူပ် (ဒဗလျူအန်အို)၊ ကိုးကန့်အဖွဲ့ (အမ်အန်ဒီအေအေ)က  ကိုယ်စားလှယ်တွေ မတက်ရောက်ပေမယ့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်ကတော့ တက်ရောက်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ညီလာခံမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အဖွင့်မိန့်ခွန်း ပြောဆိုရာမှာ ယူအန်အက်ဖ်စီကနေ နုတ်ထွက်ရတဲ့အကြောင်းကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။ “နုတ်ထွက်လွှာတင်တဲ့အထဲမှာ ကေအိုင်အို အပါအဝင် ဖြစ်ပါတယ်။  ကေအိုင်အိုဟာ ယူအန်အက်ဖ်စီ ဖွဲ့စည်းဖို့ တစိုက်မတ်မတ် ကြိုးစားလာတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။  အချိန်နဲ့တပြေးညီလည်း ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခုလို နုတ်ထွက်စာတင်ရခြင်း ဖြစ်ပါတယ်။ ဒီလို နုတ်ထွက်ရာမှာ ကချင်ပြည်သူလူထုရော၊ ကေအိုင်အို အဖွဲ့ဝင်များရော စိတ်မကောင်းဖြစ်ကြပါတယ်။ အထူးသဖြင့် ကျနော်ဆိုရင် အချိန်ပြည့် ဒီယူအန်အက်ဖ်စီရဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့လည်း အထူးပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမယ့် ဒေသရဲ့ အခြေအနေရော၊ အစိုးရတပ်မတော်တို့ရဲ့ ဖိအား ခွဲခြားအုပ်ချုပ်မှုအောက်မှာ မဖြစ်မနေ ကျနော်တို့ မြောက်ပိုင်းအဖွဲ့တွေဟာ တစုတစည်းဖြစ်ဖို့ အခြေအနေ ရောက်လာပါတယ်။ ဒါကြောင့်မို့ ယူအန်အက်ဖ်စီကနေ နုတ်ထွက်ရခြင်းလည်း ဖြစ်ပါတယ်။” ငြိမ်းချမ်းရေးမှာ အားလုံး ပါဝင်နိုင်အောင် မြောက်ပိုင်းအဖွဲ့နဲ့ ပူးပေါင်းရတာလို့လည်း   ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့ပါတယ်။ “ဒီမြောက်ပိုင်းအဖွဲ့ကို ယူအန်အက်ဖ်စီအဖွဲ့ဝင်အဖြစ် ပါဝင်နိုင်အောင် ကျနော့်အနေနဲ့ ၁၀ ကြိမ်ကျော် ဝ ပြည် ပန်ဆန်းကို  အခက်အခဲပေါင်းစုံကြားက မဖြစ်မနေ ကျနော် ရောက်ရှိပြီးတော့ စည်းရုံးခဲ့ပါတယ်။ ဒါပေမယ့် ဝ အဖွဲ့အစည်းကလည်း  သူတို့ အခြေအနေအမျိုးမျိုးကြောင့် ယူအန်အက်ဖ်စီမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ အေအိုင်အိုရဲ့ ပေါ်လစီဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေးပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီမြောက်ပိုင်းအဖွဲ့တွေ အားလုံး မပါဝင်ဘဲနဲ့  တနိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီတော့ ကေအိုင်အိုအနေနဲ့  အားလုံး ပါဝင်ရေး မူအရလည်း မြောက်ပိုင်းအဖွဲ့နဲ့ ပူးပေါင်းရခြင်း ဖြစ်ပါတယ်။ ဒီတော့ ပြောရမယ်ဆိုရင်တော့ သူ အခြေအနေ ဖန်တီးမှုဟာ အမျိုးမျိုးရှိပါတယ်။ အခု ဒီမှာ ဖွင့်ပြောလို့မရတဲ့ဟာတွေလည်း ရှိပါတယ်။  ဒါကို ဒီနေ့ ကြွရောက်လာကြတဲ့ အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များလည်း နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။” ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နဲ့ ဝ အမျိုးသားအဖွဲ့ချုပ် (ဒဗလျူအန်အို)တို့က (ယူအန်အက်ဖ်စီ) တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင်အဖြစ်ကနေ ပြီးခဲ့တဲ့ မေလဆန်းပိုင်းက နုတ်ထွက်စာတင်ခဲ့တာပါ။ ယူအန်အက်ဖ်စီတပ်ပေါင်းစု မဟာမိတ်အဖွဲ့ကနေ ကချင်နဲ့ ဝ အဖွဲ့ နုတ်ထွက်လိုက်တဲ့ အတွက် လက်ရှိယူအန်အက်ဖ်စီအဖွဲ့ထဲမှာ  မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ရှမ်းပြည်တပ်မတော်-ရှမ်းပြည်တိုးတတ်ရေးပါတီ (အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ လားဟူဒီမိုကရက်တစ်ယူနီယံ (အယ်လ်ဒီယူ)နဲ့ ရခိုင်အမျိုးသားကောင်စီ (အေအန်စီ) ၅ ဖွဲ့ သာ ကျန်ရှိပါတယ်။ ယူအန်အက်ဖ်စီဟာ ၂၀၁၁ ခုနှစ်က လက်နက်ကိုင်တိုင်းသားအဖွဲ့ ၁၁ ဖွဲ့နဲ့ စတင်ဖွဲစည်းခဲ့ပြီး ပထမဆုံးညီလာခံကို ပြီးခဲ့တဲ့ ၂၀၁၄ သြဂုတ်လက ကျင်းပခဲ့ပါတယ်။ ပထမဆုံးညီလာခံမှာပဲ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းခဲ့သလို အန်စီအေ လက်မှတ်ရေးထိုခဲ့တဲ့ ချင်အမျိုးသားတပ်ဦး (စီအန်အက်ဖ်)နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို) တို့ကို အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024