ငွေအကြွေလဲလိုသူများ လာရောက်လဲလှယ်နိုင်
စိုးမိုးအောင်
·
June 20, 2017
ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်ဆိုင်သောကုမ္ပဏီ (YUPT) မှာ ငွေအကြွေတွေဟာ တနေ့ကို ကျပ်သိန်း ၂၀၀ လောက် ရနေတာကြောင့် အခမဲ့ လာရောက်လဲလှယ်နိုင်တယ်လို့ အဲဒီကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။
YUPTကုမ္ပဏီအနေနဲ့ အများပိုင်စနစ်နဲ့ ပြေးဆွဲနေတဲ့ ယာဉ်အစီးရေ ၂၄၀ လောက်မှာ နေ့စဉ် ငွေအကြွေ သိန်းပေါင်း ၂၀၀ လောက်အထိ ရရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီငွေအကြွေတွေကိုဘဏ်ကို ပြန်လည်အပ်နှံနေရတာကြောင့် ရေရှည်မှာ ငွေအကြွေ ရှားပါးလာနိုင်လို့ ရန်ကုန်မြို့မှာ ရောင်းချနေတဲ့ ဈေးသည်တွေကို အခမဲ့ လာရောက်ထုတ်ယူနိုင်တယ်လို့ ကြေညာထားပါတယ်။
အဲဒီငွေအကြွေတွေကို အမှတ် ၂၉၆၊ သံသုမာလမ်း၊ ၁၅ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ဘေလီမှတ်တိုင်အနီးမှာ နေ့စဉ် နံနက် ၁၁ နာရီကနေ နေ့လယ် ၂ နာရီအထိ လဲလှယ်ပေးနေတယ်လို့ သိရပါတယ်။