Home
မြန်မာသတင်း
ရေကြောင်းအသုံးပြု ကျောင်းသား ကျောင်းသူများအတွက် အသက်ကယ်အင်္ကျီများ လှူဒါန်း
DVB
·
June 19, 2017
မင်းကင်းနယ် ချင်းတွင်းမြစ်ရိုး ရေကြောင်းအသုံးပြု ကျောင်းတက်နေတဲ့ကလေးတွေ အန္တရာယ်ကင်းစေဖို့ ရည်ရွယ်ပြီး ကျောင်းသား ကျောင်းသူ အယောက် ၈၀ ကျော်ကို အသက်ကယ်အင်္ကျီတွေ ကလေးမြို့ ကာယကံမေတ္တာ လူမှုကူညီရေးအသင်းက လှူဒါန်းခဲ့ပါတယ်။ "ကလေးတွေဟာ မြစ်တဘက်ကမ်းနဲ့တဘက်ကမ်းကို ကူးတို့လှေနဲ့ မြစ်ကူးကျောင်းတက်ရတယ်။ နွေရေကျချိန်ဆို အန္တရာယ်မများပေမယ့် မိုးခါဆိုရင် မြစ်ရေများတာကြောင့် အန္တရာယ်များတယ်။ ဒါကြောင့် ခုလို ရေများတဲ့အခါ ကျောင်းတက်ရင်း မြစ်တွင်း မတော်တဆဖြစ်ရင် ရေဘေးလုံခြုံစွာ ပညာသင်ကြားနိုင်ဖို့ ကျောင်းသားတွေကို ခုလို အသက်ကယ်အင်္ကျီ လှူဒါန်းရတာ ဖြစ်တယ်" လို့ ကာယကံမေတ္တာလူမှုကူညီရေး အသင်းဆရာတော် ဦးဓမ္မိကက မိန့်ပါတယ်။ မြစ်ရိုးဘေးမှာရှိတဲ့ ရွာဘရွာနဲ့ ငွေရောင်ရွာက ပဉ္စမတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်နေတဲ့ ကလေးငယ် ၈၀ ကျော်ဟာ ချင်းတွင်းမြစ် တဘက်ကမ်းရှိ ကြွေရွာ အထက်တန်းကျောင်းကို မြစ်ကူးကျောင်းတက်နေရပြီး စုစုပေါင်းကျောင်းသား ၈၆ ဦးနဲ့ ဆရာမတဦးကို ခုလို လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ "ကလေးတွေ ဟိုတလောက အမြန်ယာဉ်လှိုင်း ထိလို့ လှေမှောက်သေးတယ်။ အသိစောလို့ တစ်ယောက်မှ ဘာမှ မဖြစ်ကြဘူး။ ခု ကလေးတွေ ဒါတွေဝတ် မြစ်ကူးရတော့ ပိုပြီး အန္တရာယ်ကင်းတာပေါ့" လို့ ကျောင်းသား မိဘတဦးကလည်း ဆိုပါတယ်။ အခုလ ၁၃ ရက်နေ့က ရွာဘရွာနဲ့ ကြွေရွာ မြစ်ကူးတို့အကူးမှာ ကျောင်းသားသူငယ်တွေရဲ့ လှေဟာ အမြန်ရေယာဉ် ၂ စင်း ပြိုင်မောင်းတဲ့ လှိုင်းဒဏ်ကြောင့် တိမ်းမှောက်ခဲ့ရပြီး ရွာသူ ရွာသားတွေ အချိန်မီသိခဲ့လို့ ကျောင်းသားတွေ အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ကြပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024