ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ကလေးများကို အာဟာရကျွေးမွေး
DVB
·
June 19, 2017
ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ၇၂ နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး သာစည်မြို့ တိုးချဲ့ရပ်ကွက် အမှတ် ၁ မူလတန်းကျောင်းမှာ ဒီနေ့မနက်ပိုင်းက ကလေးတွေကို အာဟာရကျွေးမွေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လို ကိုယ်ကျိုးမကြည့်ဘဲ နိုင်ငံအကျိုး၊ ပြည်သူအကျိုး ဆောင်ရွက်တဲ့စိတ် ကလေးတွေစိတ်မှာ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပြုလုပ်တာလို့ သာစည်အန်အယ်လ်ဒီပါတီဝင် ဒေါ်ခင်မြင့်သီက ပြောပါတယ်။
ကလေးတွေကို ကြာဆံကြော်၊ အချိုရည်၊ မွေးနေ့ကိတ်မုန့် ကျွေးခဲ့တာပါ။ လေးတန်းကျောင်းသူ မပြည့်အိစံက "အမေစု အသက်ရှည်ပါစေ၊ အမေစု ကျန်းမာပါစေ၊ အမေစုလို လုပ်နိုင်အောင် ကြိုးစားပါ့မယ်" လို့ ပြောပါတယ်။
မြသီတင်းဘုန်းတော်ကြီးကျောင်းဆရာတော် ဓမ္မိကက “ဒါယိကာမ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဒီနေ့ဆိုတာ ကလေးတွေ သိစေချင်တယ်၊ သူ့လိုစိတ်မျိုး လုပ်ဆောင်မှုမျိုး အားကျ အတုယူစေချင်တယ်” လို့ မိန့်ပါတယ်။
တိုးချဲ့ရပ်ကွက်ရှိ အမှတ် ၁ မူလတန်းကျောင်းမှာ ကျောင်းသားကျောင်းသူ ၁၀၀ ကျော်လောက်ရှိပြီး တိုးချဲ့ရပ်ကွက်ဖြစ်လို့ ချို့တဲ့ကလေးများတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)