Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ကျောင်းသုံးပစ္စည်းများလှူဒါန်း
DVB
·
June 19, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၂ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ တောင်ကြီးမြို့ အန်အယ်လ်ဒီပါတီက ဆင်းရဲတဲ့ မူလတန်းကျောင်းတွေကို စာအုပ်၊ ခဲတံ စတဲ့ ကျောင်းသုံးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့လို တိုင်းပြည်ကိုချစ်တဲ့ အနာဂတ် ခေါင်းဆောင် မွေးဖွားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ကျောင်းက ကလေးတွေကို စာအုပ်၊ ခဲတံ လှူဒါန်းတာ ဖြစ်ပါတယ်။ တောင်ကြီးမြို့နယ် အန်အယ်လ်ဒီပါတီ အတွင်းရေးမှူး ကိုမောင်မောင်က  “ဒီနေရာမှာ ကျောင်းသုံးပစ္စည်းတွေ လှူဒါန်းရုံတင်မကဘူး။ ကျနော်တို့ စကားလက်ဆောင်လေးတွေ ပါးခဲ့ပါတယ်။ ဒီကလေးတွေဟာ ကျနော်တို့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော တိုင်းပြည်ကိုချစ်တဲ့၊ ပြည်သူလူထု၊ နိုင်ငံသူနိုင်ငံသားတွေကို ချစ်တဲ့ နောင်အနာဂတ်မျိုးဆက်သစ်ကလေးတွေ မွေးဖွားလာစေဖို့ စကားလက်ဆောင်အနေနဲ့ ကျနော်တို့ အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ မွေးနေ့နဲ့ပတ်သက်ပြီး လှူဒါန်းပုံကတော့ မတူဘူး။ ကျနော်တို့ကတော့ ပိုပြီးအနှစ်သာရရှိစေမယ်လို့ ထင်ပြီး ဒီအနာဂတ်မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ဖို့အတွက် အမေလမ်းညွှန်ခဲ့တဲ့ လမ်းစဉ်ကိုလိုက်ပြီး ကျနော်တို့က ကျောင်းတွေကို လိုက်ပြီး လှူဒါန်းခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။ တောင်ကြီးမြို့မှာ အဓိကဆင်းရဲတဲ့ကျောင်းတွေကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ရွှေတောင်ရပ်ကွက် အန်အယ်လ်ဒီ ရပ်ကျေးဥက္ကဋ္ဌ ဦးကျော်လင်းက “ကလေးတွေရဲ့ပညာရေးကို ဦးစားပေးတဲ့အနေနဲ့ အခုလိုမျိုး အတတ်နိုင်ဆုံး ဆင်းရဲတဲ့ကျောင်းတွေကိုပေါ့။ အစ်ကိုတို့အပိုင်းမှာဆို ၃ ကျောင်း သွားမယ်။ အမှတ် ၁၉၊ အမှတ် ၁၄၊ အမှတ် ၅ စိန်ဝင်းမြင့်ကျောင်းဆိုပြီးတော့ပေါ့။ ဒီကျောင်းလေးတွေဟာ တကယ့်ကို ဆင်းရဲတဲ့ကျောင်းလေးတွေ ဖြစ်တဲ့အတွက် အစ်ကိုတို့က ဒီလိုရည်ရွယ်ပြီးတော့ တမင်သက်သက်ပေါ့။ အခု ပညာရေးကို အမေဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အသိအမှတ်ပြုပြီးတော့မှ ဘွဲ့တွေ ဒီပလိုမာတွေကို အများကြီးရထားတဲ့အတွက် ကလေးတွေကို အမေ့လိုမျိုး ဖြစ်အောင် ရည်ရွယ်ချက်ကောင်းကောင်းနဲ့ အစ်ကိုတို့က လှူတာ” လို့ ပြောပါတယ်။ စာသင်ကျောင်းတွေမှာ နိုင်ငံတော်က ထောက်ပံ့ပေးနေပေမယ့် အများအပြား လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ တောင်ကြီးမြို့ပေါ်ရှိ ရွှေတောင်ရပ်ကွက်က အမှတ် ၁၄၊ စိန်ပန်း ရပ်ကွက်က အမှတ် ၁၉ နဲ့ ချမ်မြသာစည်ရပ်ကွက် အမှတ် ၅ မူလတန်းကျောင်းတွေကို အဓိကလှူဒါန်းသွားတာဖြစ်ပါတယ်။ သတင်း - ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024