အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ စောင့်ကြည့်ရမယ့်ကိစ္စတခုဖြစ်တယ်လို့ ကုလသမဂ္ဂကို ပြောဆိုလိုက်ပါတယ်။
[caption id="attachment_21330" align="alignleft" width="300" caption="မစ္စတာ ဗီဂျေနမ်ဘီယာ နှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ရိုက်တာ)"]

[/caption]
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ ဗီဂျေနမ်ဘီယာနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ မနေ့ ညနေက တနာရီကြာ တွေ့ဆုံစဉ် ပြောဆိုလိုက်တာပါ။
တွေ့ဆုံပွဲတက်ရောက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က “ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ကတော့ အခုရွေးကောက်ပွဲ ကာလမှာ ကြုံနေရတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံ နည်းနည်းပါးပါး ပြောပြပြီးတော့ ရွေးကောက်ပွဲဟာ စောင့်ကြည့်ရမယ့်ကိစ္စတခု ဖြစ်တယ်ပေါ့နော်။ ဒီရွေးကောက်ပွဲဟာ တကယ်ပဲ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်မဖြစ်ဆိုတာ ထည့်ပြီးစဉ်းစားရမယ့် ကိစ္စတခုဖြစ်တယ်ဆိုတာကို ပြောသွားတာပါ” လို့ ပြောပါတယ်။
မစ္စတာ နမ်ဘီယာကတော့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကို ရှင်းပြတယ်လို့ ပြောပါတယ်။
“သူနဲ့ နိုင်ငံတော်သမ္မတတို့ တွေ့ခဲ့တာကို ပြောပြတာပါ။ ဘာမှ အထူးအခြား မရှိပါဘူး။ ကျနော်တို့ ကြားနေကြအတိုင်းပါပဲ။ ယူအန်အနေနဲ့ အကူအညီဆက်ပေးဖို့၊ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့်ကိစ္စတွေ ဒါတွေပါပဲ ပြောတာ။ လူအခွင့်အရေး အခြေအနေကိစ္စကတော့ အထူးအထွေပြောတာတော့ မရှိပါဘူး။ မြန်မာပြည်မှာ ဖြစ်နေတဲ့ကိစ္စ။ အကျဉ်းသားလွှတ်တဲ့ကိစ္စက အကောင်းမြင်တယ်ပေါ့နော်။ တိုးတက်တယ်လို့ သူတို့ယူဆတယ်။ ဒီလောက်ပါပဲ” လို့ ပြောပါတယ်။
မစ္စတာနမ်ဘီယာဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က သမ္မတဦးသိန်းစိန်၊ ပြည်သူလွတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့နဲ့ နေပြည်တော်မှာ တွေ့ခဲ့ပြီး မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ အပြောင်းအလဲတွေကို ဆက်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ကုလသမဂ္ဂဖွံ့ဖြိုးရေအစီအစဉ် (ယူအန်ဒီပီ) က လာမယ့်ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
မြန်မာနိုင်ငံပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အမေရိကန်နဲ့ ဥရောသမဂ္ဂတို့ကလည်း လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တိုက်တွန်းထားသလို ရွေးကောက်ပွဲပြီးတဲ့အခါ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်မယ်လို့ ပြောထားကြပါတယ်။
၂၀၁၀ မှာ ကုလသမဂ္ဂအထူးသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ အိန္ဒိယသံတမန် မစ္စတာနမ်ဘီယာဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရောက်တာဖြစ်ပြီး အစိုးရသစ်လက်ထက် တတိယအကြိမ် လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။