ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မိုင်းတုံတွင် သစ်ပင်စိုက်ပျိုး
DVB
·
June 19, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပူးပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) နဲ့ မိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအနေနဲ့ မိုင်းတုံမြို့နယ် ဝမ်နားကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ သစ်ပင်မျိုးစုံ ၅၀၀ ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြတာလို့ မိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်စိန်က ပြောပါတယ်။
ကျွန်း၊ ပိတောက်၊ ကံ့ကော်၊ ခရေ၊ မဲဇလီ အပင်မျိုးစုံ ၅၀၀ ကျော်ကို စနစ်တကျ အကွက်ရိုက်ပြီး တစ်အုပ်တစ်မစိုက်ခင်းအဖြစ် နိုင်ငံရေးပါတီတွေ၊ ဌာနဆိုင်ရာတွေ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်တွေ၊ မိခင်နဲ့ ကလေးအဖွဲ့ဝင်တွေ၊ ကျောင်းသား/သူများအင်အား ၁၅၀ ကျော် စုပေါင်းစိုက်ပျိုးခဲ့ကြတယ်လို့ ဆိုပါတယ်။
“ပူနွေးလာတဲ့ ကမ္ဘာကြီးကို ပြန်လည်စိမ်းလန်းစိုပြည်လာအောင် သစ်တောဦးစီးဌာနရဲ့ ရည်မှန်းချက်ထား လုပ်ဆောင်ချက်တွေကို ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော်ရာမှာ ၂၀၁၇/၁၈ ဘဏ္ဍာရေးနှစ်မှာ ကျနော်တို့ မြို့နယ်က သစ်ပင်မျိုးစုံ ၆၀၀၀၀ စီမံချက်ရေးဆွဲဆောင်ရွက်နေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ ခုလိုအမှတ်တရဆောင်ရွက်ခဲ့ရတဲ့အတွက် အထူးဝမ်းမြောက်ပီတိဖြစ်ရပါတယ်" လို့ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးဖိုးချိုက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည် အထိန်းအမှတ် မိုင်းတုံနဲ့ မိုင်းဆတ်ကြား ကားလမ်းဘေးမှာ သစ်ပင်မျိုးစုံ ၃၀၀ စိုက်ပျိုးခဲ့ကြပါတယ်။
သတင်း - အောင်ဇေယျ(မိုင်းတုံ)