ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကျပ် ၅၈၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးဆေးပြားများ ဖမ်းမိ
DVB
·
June 19, 2017
မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး အမြန်လမ်း သီးကုန်းတိုးဂိတ်အနီးမှာ ဇွန် ၁၈ ရက် ညနေပိုင်းက ကားတစီးပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်း ၅၈၅ သိန်းဖိုး ဖမ်းဆီးမိခဲ့ပါတယ်။
မန္တလေးဘက်ကို မောင်းလာတဲ့ မာ့အိပ်(Mark-X) အမျိုးအစား အိမ်စီးကားပေါ်ကနေ ကျပ်သိန်း ၅၈၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၀ ပြားနဲ့အတူ ယာဉ်မောင်း မောင်ကျန်နဲ့ လိုက်ပါလာသူ မဝင်းဝင်းမော်တို့ကို ဖမ်းမိတယ်လို့ သီးကုန်းအမြန်လမ်း ရဲစခန်းက ပြောပါတယ်။
“သတင်းရလို့ တိုင်းမှုခင်းအကူ ရဲအုပ်သန်းဝင်းနဲ့ သီးကုန်းစခန်းက တပ်ဖွဲ့ဝင် ၁၂ ဦး ပူးပေါင်းဖမ်းဆီးတယ်။ အိမ်စီးကား နောက်ခန်း ညာဘက် ခြေနင်းပြားအခင်းအောက်က ရှာတွေ့တယ်။ အဝါရောင်တိပ်ပတ်ပြီး အပြာရောင်ကပ်ခွာအိတ်ထဲ ထည့်ထားတယ်။ တအိတ်ကို ၁၉၅ ပြားပါတယ်။ အိတ်ပေါင်း ၁၀၀၊ ဆေးပြားပေါင်း ၁၉၅၀၀ ဖမ်းမိတယ်။ နှစ်ယောက်လုံး မြို့ဟောင်းရပ်ကွက် အောင်ပန်းမြို့မှာ နေတယ်” လို့ သီးကုန်းရဲစခန်းမှူး ရဲအုပ်သန်းထွန်းက ပြောပါတယ်။
စိတ်ကြွရူးသွပ်ဆေးပြားတွေ သယ်ဆောင်လာသူ ယာဉ်မောင်း မောင်ကျန်နဲ့ မဝင်းဝင်းမော်တို့ကို သီးကုန်း အမြန်လမ်းရဲစခန်းက အမှုအမှတ် မူးယစ်(ပ)၁/၂၀၁၇ စိတ်ကို ပြောင်းလဲစေသော မူးယစ်ဆေးဝါး သုံးစွဲမှု၊ လက်ဝယ်ထားရှိမှု၊ သယ်ဆောင်ဖြန့်ဖြူးမှု ပုဒ်မ မူးစိတ် ၁၅/၁၉(က)/၂၀ တိုနဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)