A d v e r t i s e m e n t With Us

ကလေးစစ်သားဘဝ၊ ဒုက္ခသည်အဖြစ်မှ အောင်မြင်သည့်ရှေ့နေဖြစ်လာသူ

ဓာတ်ပုံ - ရိုက်တာ
ဆူဒန်နိုင်ငံမှာ ကလေးစစ်သားတဦးအဖြစ်ကနေ သြစတြေးလျကို ဒုက္ခသည်အဖြစ် ရောက်ရှိလာပြီး အခုချိန်မှာ ရှေ့နေအဖြစ် အောင်မြင်နေတဲ့ ဒန်အာဒွတ်ဟာ ဒုက္ခသည်တွေရဲ့ ဘဝတိုးတက်ရေးတွေကို ကူညီဆောင်ရွက်လျက် ရှိနေပါတယ်။ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် သူ့ကို ရိုက်တာသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဆူဒန်ကလေးစစ်သားဟောင်း ဖြစ်ခဲ့ဖူးသူ ဒန်အာဒွတ်ဟာ သြစတြေးလျကို ၁၉၉၈ ခုနှစ်မှာ ရောက်လာခဲ့တာပါ။ ရောက်လာချိန်မှာ အသက် ၁၄ နှစ်အရွယ်ရှိတဲ့ အာဒွတ်ဟာ ငွေမရှိသလို အင်္ဂလိပ်စကားလည်း မပြောတတ်သေးပါဘူး။ အခုချိန်မှာ အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ အာဒွတ်ဟာ ဆစ်ဒနီမြို့မှာ အောင်မြင်တဲ့ မှုခင်းရှေ့နေတဦး ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ နယူးဆောက်ဝေးပြည်နယ်ရဲ့ ၂၀၁၇ ခုနှစ်အတွက် စံပြ သြစတြေးလျနိုင်ငံသားဆုကို ရခဲ့သလို ဇန်နဝါရီလအတွင်းမှာလည်း သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွန်းမ်တမ်းဘဲလ်နဲ့ တွေ့ဆုံနှုတ်ဆက်ပွဲတခုမှာ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ “ပညာမတတ်တဲ့ နိုင်ငံရေးခိုလှုံခွင့်နဲ့ လာရောက်နေထိုင်နေတဲ့ ကလေးစစ်သားဟောင်း တယောက်ကို သြစတြေးလျနိုင်ငံသားတယောက်အဖြစ် ပြောင်းလဲဖို့ မလွယ်ပါဘူး။ နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်” လို့ သူက ရိုက်တာကို ပြောပါတယ်။ ၇ နှစ်သားအရွယ်ထဲက ပြည်တွင်းစစ်ထဲမှာ တိုက်ဖို့အတွက် ဆူဒန်ပြည်သူ့လွတ်လပ်ရေး တပ်မတော်ထဲ အတင်းဝင်ရောက်ခိုင်းစေခံခဲ့ရတဲ့ ဒဏ်တွေက အခုချိန်ထိ ဒဏ်ရာတွေ ဖြစ်နေဆဲလို့ သူက ပြောပါတယ်။ သူ့ရဲ့ မျက်စိရှေ့မှာတင် သေဆုံးမှုတွေ၊ နှိပ်စက်မှုတွေ၊ ဆာလောင်မှုတွေနဲ့ ရောဂါဒဏ်တွေ ခံစားရတာတွေကို မြင်ခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့ အစ်ကိုတဦးဖြစ်တဲ့ ဂျွန်မက် (John Mac) က သူ့ကို ဆူဒန်ကနေ ခိုးထုတ်ခေါ်ဆောင်လာခဲ့ပြီး ကင်ညာနိုင်ငံက ကုလသမဂ္ဂရဲ့ နိုင်ငံရေး တိမ်းရှောင်ထွက်ပြေးလာသူတွေအတွက် ဖွင့်လှစ်ထားတဲ့ စခန်းတွေမှာ ၁၈ လကြာ နေခဲ့ကြရပါတယ်။ ဒီနောက်မှာတော့ သူတို့ကို အဲဒီစခန်းကနေ သြစတြေးလျနိုင်ငံကို ပို့လိုက်ပါတော့တယ်။ သြစတြေးလျရောက်ပြီးနောက် သူဟာ အင်္ဂလိပ်စာကို ကြိုးစားသင်ယူပြီး အထက်တန်းကို အောင်မြင်အောင် ဖြေဆိုခဲ့ပါတယ်။ အဲဒီနောက် သူ့အစ်ကိုရဲ့ အားပေးမှုနဲ့ ဥပဒေကျောင်းကို တက်ရောက်အောင်မြင်ခဲ့ပြီး ရှေ့နေတယောက် ဖြစ်လာခဲ့တာပါ။ ကျောင်းတက်နေစဉ်ကာလအတွင်း အလုပ်ပေါင်းများစွာ လုပ်ခဲ့ရပြီး ၂၀၁၄ ခုနှစ်မှာ ဥပဒေဘွဲ့ ရရှိခဲ့ပြီး ဒုက္ခသည်တွေကို အကူအညီပေးတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ "ဇွန်လ ၂၀ ရက်နေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ ဖြစ်တာကြောင့် အဲဒီနေ့မှာ ဒုက္ခသည်တွေ ဖြစ်လာစေတဲ့ အကြောင်းရင်းတွေအတွက် ကျနော်တို့ ဝမ်းနည်းသင့်တယ်။ အမြဲမပြတ်ရှိနေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ သူတို့ရဲ့အကြောင်းရင်းတွေကို ပြန်လည်သုံးသပ်သင့်တယ်။ အဲဒီနေ့မှာ ကျနော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းက ဘယ်ကိုဦးတည်သွားနေတယ်ဆိုတာ ပြန်လည်သုံးသပ်သင့်တယ်" လို့ သူက ပြောခဲ့ပါတယ်။ ဒါဟာ သူ့ကို ဒုက္ခသည်တွေရဲ့ဘဝကို တိုးတက်အောင် ဆောင်ရွက်ပေးဖို့ တွန်းအားပေးနေတဲ့ အရာတွေပဲလို့ သူက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up