လယ်သိမ်းခံရသူတွေ တိုင်နိုင်တယ်၊ မီဒီယာတွေက ဝိုင်းရပ်တည်ပေးပါ
အေးနိုင်
·
February 16, 2012
လယ်သိမ်းခံရတဲ့ လယ်သမားတွေအနေနဲ့ အမှုဖွင့်တိုင်ကြားလိုရင် ကူညီပေးမယ်လို့ မတူကွဲပြားခြားနားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက ဖိတ်ခေါ်လိုက်ပါတယ်။
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ လယ်သမားတွေအမှုမှာ လယ်သမားတွေကိုယ်စား ဇေကမ္ဘာကုမ္ပဏီကို မကြာခင်တရားစွဲဆိုမယ့် ဦးနေမျိုးဝေကို မြန်မာပြည်က လယ်ယာမြေသိမ်းဆည်းမှုတွေနဲ့ပတ်သက်လို့ မေးမြန်းထားပါတယ်။
ဇေကမ္ဘာဦးခင်ရွှေနဲ့ ပတ်သက်ပြီးတော့ လယ်ယာမြေကိစ္စမှာ တရားစွဲမယ်လို့ သိရတယ်။ အဲဒီတော့ အစိုးရနဲ့ ပတ်သက်တဲ့ အရင်းရှင်ကြီးတွေနဲ့ ပတ်သက်ပြီးတော့ ၃ ချက်ထဲက ဘယ်အချက်ကို လက်မခံနိုင်လို့ ဦးနေမျိုးဝေက တရားစွဲဖို့ တင်တာလဲ၊ အဲဒီ ၃ ချက်ကို အရင်ရှင်းပြပါ။
[caption id="attachment_15032" align="alignright" width="300" caption="ဦးနေမျိုးဝေ"][/caption]
“နံပါတ် ၁ က အစိုးရနဲ့ နီးစပ်တဲ့ အရင်းရှင်ကြီးတွေက နိုင်ငံပိုင်ဖြစ်တဲ့ သစ်တောထဲက သစ်တွေကို ထုတ်တာတို့၊ နိုင်ငံပိုင် မြေတွေမှာ မြေတွေ အများကြီး ယူတာတို့၊ ကျောက်တွင်းတွေ တူးတာတို့၊ အဲဒါမျိုးကို လုပ်တာကို ကျနော်တို့က ခွင့်လွှတ်ပါတယ်နော်။ နိုင်ငံပိုင် ကျနော်တို့ ပိုင်တယ်ဆိုပေမယ့် ခွင့်လွှတ်ပါတယ်။ နံပါတ် ၂ အချက်က တောင်သူလယ်သမားတွေ လက်ငုတ်လက်ရင်းလုပ်နေတဲ့ မြေယာတွေကို ကာလတန်ကြေးထက် ပိုပေးပြီးတော့၊ နှစ်ဦးနှစ်ဖက် ကျေကျေနပ်နပ် တရားတော့ မဝင်ဘူးပေါ့ဗျာ၊ ဒါပေမယ့် လယ်သမားကလည်း ကျေနပ်လို့ ရောင်းလိုက်တယ်။ အဲဒီအမှုမျိုးကိုလည်း ခွင့်လွှတ်ပါတယ် မလုပ်ပါဘူး။ တတိယအချက်က ဘာလဲဆိုတော့ တောင်သူလယ်သမား လက်ငုတ်လက်ရင်း လုပ်နေတဲ့လူတွေက မကျေနပ်ဘဲနဲ့ လက်ငုတ်လုပ်နေတဲ့လူတွေကို အခွင့်အာဏာကို ဗန်းပြ သုံးစွဲပြီးတော့ တောင်သူလယ်သမားတွေကို ဖယ်ထုတ်၊ ခြိမ်းခြောက်ပြီးတော့ လယ်ယာမြေကို လျော်ကြေးလေး မဖြစ်သလောက် ပေးပြီးတော့ ထုတ်ယူသွားတာမျိုးကိုကျတော့ လယ်သမားတွေက နစ်နာပါတယ်။ အဲဒီအမှုမျိုးကို ကျနော်တို့က လိုက်ပါ ဆောင်ရွက်ပေးတာပါ။”
ဦးနေမျိုးဝေက လယ်ယာမြေကိစ္စနဲ့ ဆောင်ရွက်တော့ ဧရာဝတီတိုင်းဘက်ကို ရောက်ဖြစ်လား။ သူတို့ဘက်မှာရော သိမ်းဆည်းမှုတွေ မရှိဘူးလား။
“ညောင်တုန်းဘက်မှာ ရှိပါတယ်၊ ချောင်းသာမှာ ရှိပါတယ်၊ ဧရာဝတီတိုင်းပေါ့။ နောက်တခါ မနက်ဖြန်ကိုပဲ ကိုကျော်ထွန်းတို့ သွားပါဦးမယ်။ အဲဒီနေရာက ထန်းတပင်ပါ၊ ထန်းတပင်မှာလည်း အဲဒီလို အမှုအခင်းတွေက ရှိပါတယ်။ ကျနော်နဲ့ ချိတ်ဆက်မိတာဆို ချောင်းသာမှာဆိုရင် အထူးပြောချင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရက ငွေဆောင်တို့၊ ချောင်းသာတို့မှာ ဟိုတယ်ဇုန်တွေ ဘာတွေ ဆောက်ပြီးသွားတော့ ကျန်တဲ့ လယ်သမားတွေကို ပြန်ဝေပေးလို့ မရတော့ဘူး။ အဲဒါကြောင့် လယ်သမားတွေ လျော်ကြေးလေးပဲ ယူလိုက်ကြပါဆိုပြီးတော့ ပြောတာရှိတယ်။ တကယ်က အဲဒီလို မဟုတ်ဘူး။ လယ်သမားတွေက တော်တော်လေးကို အေးချမ်းတဲ့လူတွေ ဖြစ်တဲ့အတွက် ချောင်းသာမှာဆိုရင် ဧက ၁၀၀ သိမ်းထားပြီးတော့ ၅၀ က အဆောက်အဦတွေ ပေါ်သွားပြီးပြီ။ ဧက ၁၀၀ ပိုင်ရှင်တွေကို ကျနော်က မေးကြည့်ပါတယ်။ ကျန်တဲ့ ဧက ၅၀ ကိုပဲ ခင်ဗျားတို့ အချိုးအစားအလိုက် အညီအမျှ ပြန်ခွဲပေးမယ်ဗျာ။ အရင်ရဲ့ တဝက်ပဲ ရကြမယ် ကျေနပ်လားဆို ကျေနပ်ပါတယ်တဲ့။ လုပ်တတ်ရင် လွယ်လွယ်လေးပါ။”
ကိုယ်တိုင် ကွင်းဆင်းပြီးတော့ ဆောင်ရွက်တဲ့အခါမှာ ဒီကိစ္စတွေက လူကြောင့် ဖြစ်နေတာလား၊ ဥပဒေကြောင့် ဖြစ်နေတာလား ဘယ်လိုမျိုး မြင်လဲ။
“နှစ်မျိုးစလုံး ဖြစ်ပါတယ်ဗျာ။ အဓိက ကတော့ မူဝါဒ။ လယ်ယာမြေ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ မူဝါဒကြီးကလည်း မှားနေပါတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ ကျေးရွာ မြေယာကော်မတီတွေရဲ့ လုပ်ပိုင်ခွင့်ထဲကို အပြည့်အဝ ရောက်သွားတဲ့အခါကျတော့ ကျေးရွာမြေယာ ကော်မတီတွေဆိုတာ တခွင်တပြင် ပြန့်ကျဲပြီးတော့ ဒီလိုပဲ သူလိုကိုယ်လို စာပေပညာ၊ အဲဒီလိုမျိုး ဆင်ခြင်တုံတရား အားနည်းတဲ့ လူတွေလက်ထဲကို ဒီ လုပ်ပိုင်ခွင့်ကြီး အပြည့်ရောက်သွားတဲ့အခါမှာ အမှုအခင်းတွေလည်း ဖြစ်ပါတယ်။ ဖြစ်တဲ့အမှုအခင်းကတော့ အရင် ဥပဒေအတိုင်းဆိုရင် လယ်သမားကို အပြည့်အဝ ကာတာ။ ကာတာတောင် လွန်နေသေးတယ်။ ဒါပေမယ့် ခုနကလို့ ယန္တရားစီမံခန့်ခွဲမှု အပိုင်းမှာ လုပ်ပိုင်ခွင့် များသွားတဲ့အခါကျတော့ အခု ယန္တရားအမှုတွေ တက်နေပါတယ်။ မူဝါဒကြီးကြောင့် ယန္တရားအမှုတွေ ဖြစ်နေတာပါ။ မူဝါဒကြောင့် ရိုက်ခတ်ခံရတဲ့ ယန္တရား ပြဿနာတွေ ဖြစ်ပါတယ်။”
ကျနော်တို့ သတိထားမိသလောက်က တပ်မတော် အစိုးရကနေပြီးတော့ အခု ဦးသိန်းစိန်အစိုးရ လက်ထဲကို အာဏာမလွှဲခင် ၄-၅-၆ လအတွင်းမှာ မြန်မာပြည်မှာ လယ်ယာမြေတွေ သိမ်းဆည်းမှုတွေ အလွန်အကျွံ လုပ်လာတာ တွေ့ရတယ်။ အဲဒီတော့ အဲဒီ ကိစ္စတွေက နောက်ကြောင်းပြန်အနေနဲ့ ဘယ်လိုမျိုး ကိုင်တွယ်လို့ ရမလဲ။
“အဓိက တရားခံက ကျနော်ပါပဲခင်ဗျာ။ မြေသိမ်းဆည်းမှုတွေရဲ့ အဓိက တရားခံက ကျနော်ပါပဲ။ ဘာလို့ဆိုတော့ မြန်မာပြည်မှာ စက်မှုဖွံ့ဖြိုးရေးတွေ လုပ်ဖို့အတွက် ကျနော် အဓိက ဆော်ဩသူ ဖြစ်ပါတယ်။ အဲဒီ စက်မှုဖွံ့ဖြိုးရေးတွေ လုပ်မယ်ဆိုရင် မလွှဲမသွေ ရှိနေတဲ့ လယ်ယာမြေတွေကို သိမ်းဆည်းကောင်း သိမ်းဆည်းရပါလိမ့်မယ်။ နောက်တခါ လယ်သမားတွေ လယ်ယာမြေကနေ စွန့်ခွာကောင်း စွန့်ခွာရပါလိမ့်မယ်။ အဲဒီ မြန်မာပြည်ရဲ့ မြေတန်ဖိုးကိုလည်း ကျနော် နိုင်ငံတကာ စံနှုန်းနဲ့ တွက်ချက်ပြပါတယ်။ အဲဒါကို အကွက်မြင်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ကျနော် အင်တာနက်မှာ ဖြန့်ဝေတဲ့စာတွေကို အရင်ဖတ်ပြီးတော့ သူတို့က လက်ဦးမှု ရယူ သိမ်းဆည်းတယ်လို့တောင်၊ ကျနော် တရားခံမကင်းဘူး ဆိုတဲ့ အကြောင်းတောင် ပြောချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ စွန့်ခွာခိုင်းတာက လယ်သမား အသေးစားလေးတွေနဲ့ တန်ရာတန်ကြေး ထိုက်ထိုက်တန်တန် ပေးလျော်ပြီး စွန့်ခွာဖို့ ကျနော်က တိုက်တွန်းတာ ဖြစ်ပါတယ်။ အဲဒီအပိုင်းကျတော့ မလိုက်နာဘဲနဲ့ လက်ဦးမှု ယူတာတွေ ဖြစ်လာပါတယ်။ နောက် နောင်လည်း မြေယာကနေပြီးတော့ မတရားမှုတွေ အများကြီး ပေါ်ပေါက်နိုင်လို့ ဒီဟာကို အရေးတကြီး ကိစ္စတခု အနေနဲ့ ကျနော်တို့က ကိုင်တွယ်နေရခြင်း ဖြစ်ပါတယ်။”
ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ ပြောစကားပေါ့နော်။ ဥပဒေအထက်မှာ မည်သူမှ မရှိစေရဆိုတော့ အခု အစိုးရလက်ထက်မှာ လယ်သမားတွေအတွက် ကာကွယ်ပေးနိုင်တဲ့ အခြေအနေမျိုးတွေက ဆက်ပြီးတော့ လယ်သမားတွေ ကြိုးစားမယ် ဆိုလို့ရှိရင် ဘယ်လောက်ထိအောင် ဖြစ်နိုင်ခြေရှိလဲ။ ဘာအဟန့်အတားတွေ ရှိနေလဲ။
“အောင်မြင်နိုင်ပါတယ်။ အောင်မြင်နိုင်ပါတယ်ဆိုတာ ဗိုလ်ချုပ်ကြီး သူရရွှေမန်း လွှတ်တော် ဥက္ကဋ္ဌပေါ့ဗျာ။ အခုကတော့။ သူရဦးရွှေမန်းကိုလည်း ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ဒီစကားကို ကျနော်တို့က ကိုးကားလို့ ရတာကိုး။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်တွေက မလိုက်နိုင်တာလေးတွေလည်း ရှိပါတယ်။ အဲဒီတော့ ပြည်သူနဲ့ မီဒီယာကနေပြီးတော့ ကျနော်တို့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေကနေပြီးတော့ ဖော်ထုတ်ပေးလို့ရှိရင် ဒါ သူတို့လည်း သိလာမယ်။ စီမံခန့်ခွဲမှုသဘောအရ အပေါ်ကနေပြီးတော့ အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို မသိနိုင်တာတွေလည်း ရှိပါတယ်။ အဲဒီလို မသိနိုင်တာတွေကို ဖော်ထုတ်တဲ့အခါမှာ ဖော်ထုတ်တဲ့သူတွေကို အပြစ်မမြင်ဖို့ စနစ်တကျ သူတို့ကိုယ်တိုင် ကွင်းဆင်းကြဖို့ လိုအပ်ပါတယ်။ အဲဒါဆိုရင် အောင်မြင်ပါလိမ့်မယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာကို တကယ်က ဥပဒေအထက်မှာ ရှိတဲ့လူတွေက နိုင်ငံတကာမှာလည်း ရှိသလို မြန်မာပြည်မှာတော့ များနေတယ်ပေါ့ဗျာ။”
ကိုနေမျိုးဝေနဲ့ သတင်းမေးတဲ့အခါမှာ ဇေကမ္ဘာဦးခင်ရွှေ ကိစ္စကိုပဲ ကျနော်တို့က ပထမဆုံးအနေနဲ့ပေါ့နော်။ ကျယ်ကျယ်လောင်လောင် ပြောနေတာ ရှိတယ်။ အများသူငါ ပြောနေတဲ့ အစိုးရနဲ့ လက်ဝေခံ အရင်းရှင်ကြီးတွေက ကျန်တဲ့ လယ်ယာမြေ သိမ်းဆည်းမှုတွေမှာ မပတ်သက်ဘူးလား၊ ဒါမှမဟုတ် သန့်ရှင်းလား သူတို့ လက်တွေကရော ဘယ်လို ရှိပါသလဲ။
“ကျနော်တို့က အခုနပြောတဲ့ ပြဿနာ ၃ ခုပေါ့ဗျာ။ လယ်ယာ လက်ငုတ်လက်ရင်း လုပ်တဲ့လူတွေ နစ်နာတဲ့ဟာမျိုးကို အဓိက လိုက်ပါ တိုက်ပွဲဝင်တဲ့အခါကျတော့ ဦးခင်ရွှေတို့က အဓိက ကျနော်တို့နဲ့ ထိစပ်သလို ဖြစ်သွားတာပေါ့။ ကျန်တဲ့ ဦးတေဇတို့ ဘာတို့ ရှိကောင်း ရှိမယ်ဗျာ၊ ဦးဇော်ဇော်တို့ ဘာတို့ ရှိကောင်း ရှိမယ်ဗျာ။ သူတို့တွေကလည်း ကျနော်တို့ လက်လှမ်းမမီတဲ့ နေရာဒေသက လက်ငုတ်လက်ရင်းတွေ မထိခိုက်တဲ့နေရာမှာ သွားပြီးတော့ လုပ်ငန်းကြီးတွေ ရယူထားတာဆိုရင် ကျနော်တို့က သည်းခံနေလို့ ရတဲ့သဘောဗျာ။ ကျနော်တို့ကို သက်သေလာခံမယ့် လယ်သမားတွေလည်း အဲဒီလို ဒေသမှာ မရှိသေးတဲ့ သဘောပါဘဲ။ ရှိရင် ကျနော်တို့ လူမရှောင်ပါဘူး။ ရှိရင်လည်း ခင်ဗျားတို့ ရှိရင် ကျနော်တို့ကို သတင်းပေးပါ။ လယ်သမားတွေကိုလည်း ကျနော်တို့ ဖုန်းနံပါတ် ပေးပေးပါ။ လိုက်ပါ တိုက်ပွဲဝင်ပေးပါ့မယ်။ လူမရွေးပါဘူး။ ဒါပေမယ့် ဖြစ်နိုင်တာကတော့ လုပ်ငန်းရှင်ကြီးတွေက ၆ ဦးလောက်ပဲ ရှိပါတယ်။”
ဦးနေမျိုးဝေ နောက်ဆုံးအနေနဲ့ ဘာများ ပြောစရာ ရှိဦးမလဲ။
“မီဒီယာတွေရော၊ ပြည်သူတွေရော၊ နိုင်ငံရေးသမားတွေရော ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒါဟာ အစိုးရကို သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် ကူညီရာရောက်ပါတယ်။ ကျနော်တို့က အစိုးရကို ကူညီနေပါတယ်။ နိုင်ငံတော် သမ္မတကြီးရဲ့ သန့်ရှင်းတဲ့အစိုးရ၊ ပွင့်လင်းမြင်သာတဲ့ အစိုးရဖြစ်အောင် ကူညီတဲ့နေရာမှာ ကျနော်တို့ အခမဲ့ ကူညီတဲ့လူတွေ ဖြစ်ကြောင်း ပြောပါရစေ။”