Home
မြန်မာသတင်း
မြန်မာတဦးပါ မူးယစ်ဂိုဏ်းအဖွဲ့နှင့် ထိုင်းစစ်တပ်ပစ်ခတ်၊ ၁ ဦးသေဆုံး စိတ်ကြွဆေး ၂ သန်းကျော် ဖမ်းမိ
DVB
·
June 18, 2017
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ညက မူးယစ်ဆေးဝါးကုန်ကူးဂိုဏ်းနဲ့ ထိုင်းစစ်တပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ဂိုဏ်းဝင်ထဲက တဦးသေဆုံးကာ စိတ်ကြွဆေး အလုံးပေါင်း ၂၁၃၈၀၀၀ (နှစ်သန်းတစ်သိန်းကျော်) ဖမ်းဆီးရ မိခဲ့ပါတယ်။ မယ်ဆိုင်မြို့နယ် ၀ိန်းဖန်ခမ်းအုပ်စု ဖာမီကျေးရွာတွင်း မူးယစ်ဆေးသယ်ဆောင်မှု ရှိမယ့်အကြောင်း ကြိုတင်သတင်းရထားချက်အရ အမှတ် ၃ အထူးစစ်ဆင်ရေး တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ နယ်မြေတွင်း စောင့်ကြပ်စစ်ဆေးစဉ် မူးယစ်ဆေးသည်ဆောင်လာသူတွေနဲ့ ပစ်ခတ်မှုရှိခဲ့တာလို့  ချင်းရိုင်းခရိုင်ဝန်က ဇွန်လ ၁၇ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ဖြစ်စဉ်မှာ အဲဒီည ၁၁ နာရီခွဲလောက်က  အဖြူရောင် တိုယိုတာ Vigo ကားတစ်စီး မောင်းနှင်လာပြီး တာဝန်ရှိသူတွေကို လှမ်းမြင်တဲ့အခါ ကားကိုနောက်ပြန်ဆုတ်သွားကြောင်း၊   အကွာအဝေး ၃၀၀ မီတာလောက်မှာ ချိုင့်ခွက်တစ်ခုနဲ့ တစ်မိတာကြောင့် တချို့မှာ ကားပေါ်က ခုန်ဆင်းထွက်ပြေးသွားပြီး ကားမောင်းသူကတော့ တာဝန်ရှိသူတွေဘက်ကို သေနတ်နဲ့ စတင်ပစ်ခတ်တာကြောင့် တာဝန်ရှိသူဘက်က ပြန်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီပစ်ခတ်မှုအပြီး နယ်မြေရှင်းလင်းရာမှာ ကားမောင်းသူထိုင်ခုံမှာ သေနတ်ဒဏ်ရာနဲ့ သေ ဆုံးနေတဲ့  အသက် ၃၁ နှစ်ရွယ်ရှိ နိုင်းရတ်နဖုန်း ရှဲ့ဖာဆိုသူ ထိုင်းနိုင်ငံ သားတစ်ဦးကို ဖမ်းမိပြီး ကားမောင်းသူရဲ့ ဘေးထိုင်ခုံနဲ့ ကားနောက်ဘက်မှာ ၀ှက်ထားတဲ့ အိတ်ပေါင်း ၁၂ အိတ်၊ အဲဒီနဲ့  မလှမ်းမကမ်းက မြောင်းထဲမှာ နောက်ထပ် အိတ်ပေါင်း ၆ အိတ်တွေ့ရှိပြီး ဖွင့်ကြည့်ရာမှာ စိတ်ကြွဆေးပြားအလုံးရေ စုစုပေါင်း တစ်သန်းနဲ့ရှစ်သိန်း တွေ့ရတယ်လို့ ခရိုင်ဝန်က ပြော ပါတယ်။ အဲဒီနောက် ထွက်ပြေးတဲ့သူတွေထဲက အသက် ၂၀ နှစ်ရွယ် အားကျော်ဆိုသူ မြန်မာ နိုင်ငံသား (အခါလူမျိုး) တဦးကို အဲဒီနားမှာပဲ အရှင်ဖမ်းမိကြောင်း၊ တာဝန်ရှိသူတွေက အဲဒီအနီးနားတောအုပ်တ၀ိုက် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်စဉ်  ၁၇ ရက်နေ့ မနက် ၃ နာရီလောက်မှာတော့ နိုင်းလော်ဆိုသူ အသက် ၁၆ နှစ်ရွယ် အခါ လူငယ်တဦးကို စိတ်ကြွဆေး အလုံးရေ 138000 (တစ်သိန်း ၃ သောင်းကျော်) ပါ အိတ်တလုံးနဲ့ အတူ ထပ်မံ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ စစ်ဆေးချက်အရ သူတို့တွေဟာ နယ်စပ်မှ မူးယစ်ဆေးကို အခကြေးငွေယူပြီး သယ်ဆောင်ပေးသူတွေဖြစ်ကြောင်း၊  အဖွဲ့ဝင်အားလုံး ၂၀ ဦးရှိပြီး မူးယစ်ဆေးသယ်ဆောင်ခအဖြစ် တဦးကို ဘတ်တစ်သောင်းစီရတယ်လို့ ဖမ်းဆီးခံရသူတွေက ပြောပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ကွင်းဆက်တရားခံတွေ ဆက်လက်ဖော်ထုတ်အရေးယူသွား မယ်လို့ ခရိုင်ဝန်က ပြောသွားပါတယ်။ ကိုးကား - ထိုင်းရတ် နှင့် မန်နေဂျာ အွန်လိုင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024