ဖားကန့်၊ လုံးခင်း ရဲစခန်းဟောင်း မိုးကြိုးပစ်မီးလောင်၊ နှစ်ဦးသေဆုံး
ပိုင်စိုး
·
June 18, 2017
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုက ရဲစခန်းအဆောက်အအုံဟောင်း ဒီနေ့ မနက်ပိုင်းက မီးလောင်ပြီး လူနှစ်ယောက် သေဆုံးသွားတယ်လို့ နယ်မြေရဲစခန်းက ပြောပါတယ်။
“အမျိုးသားနှစ်ယောက်သေပါတယ်။ ဘယ်သူတွေလဲဆိုတာတော့ စုံစမ်းဆဲပါ။ အိမ်ကတော့ မိုးကြိုးပစ်လို့ လောင်တာပါ။ ၁၆ ပေ၊ ပေ ၂၀ ပတ်လည် တစ်အိမ်လုံးလောင်သွားတာပါ” လို့ လုံးခင်း နယ်မြေရဲစခန်းက တာဝန်မှူးက ဒီဗွီဘီကို ပြောပါတယ်။
မီးလောင်သွားတဲ့အိမ်ဟာ လူမနေပဲ ချုံနွယ်တွေ ပိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအဆောက်အအုံဟာ လုပ်ငန်းရှင် လောပန်းတစ်ယောက်ရဲ့ ကုမ္ပဏီဖွင့်တဲ့ အိမ်ဖြစ်ခဲ့ပြီး စည်းကမ်း ဖောက်ဖျက်လို့ အစိုးရက သိမ်းယူခဲ့တာပါ။ အဲဒီနောက် ရဲစခန်းအဖြစ်အသုံးပြုခဲ့ပြီး ငြိမ်းချမ်းသာယာရပ်ကွက်မှာ မြေနေရာရလို့ ရဲစခန်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။