ကေအိုင်အေက ပေါ်တာဆွဲပြီး ပြန်ရောက်လာသူကို အစိုးရတပ်က ပြန်လည်ဖမ်းဆီး
နန်းမြနဒီ
·
February 16, 2012
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ထဲမှာ ကေအိုင်အေက ပေါ်တာထမ်းဖို့ ခေါ်သွားပြီး ပြန်လွတ်လာတော့ နယ်မြေခံ အစိုးရတပ်က သူပုန်ဆက်သွယ်မှုနဲ့ ထပ်ပြီး ဖမ်းထားတယ်လို့ သိရပါတယ်။
မနှစ် နှစ်ကုန်ပိုင်းလောက်က ရွာပြင်မှာ တောင်ယာလုပ်နေကြတဲ့ တာလောကြီးရွာသား ၁၀ ကျော်ကို ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်က စစ်သားအဖြစ်ရော၊ ပေါ်တာထမ်းဖို့ပါ ဖမ်းဆီး ခေါ်ဆောင်ခဲ့တဲ့ အကြောင်းနဲ့ မျက်စိခွဲဖို့ အကြိမ်ကြိမ် တောင်းပန်မှ ပြန်လွတ်လာတဲ့ ရွာသား ဦးသိန်းမြင့်ဟာလည်း နယ်မြေခံ အစိုးရတပ်ရင်း ခမရ ၃၈၆ က ပြန်ဖမ်းသွားခဲ့တယ်လို့ ဆွေမျိုးတဦးက ပြောပါတယ်။
“အခင်းမှာ အခင်းလုပ်နေတုန်း ကေအိုင်အေကဖမ်းသွားတာ။ ပေါ်တာပါသွားတာပေါ့။ ပြီးမှ သူကမျက်စိ မကောင်းဘူးလို့ ပြောပြီး ပြန်လွတ်လာပြီးမှ အခု ခမရ ၃၈၆ က ပြန်ဖမ်းတာ။”
ဦးသိန်းမြင့်ဟာ ၂၀၁၁ အောက်တိုဘာ ၃ ရက်နေ့မှာ အဖမ်းခံရပြီး ၁၃ ရက်နေ့မှာ ကေအိုင်အိုလက်က ပြန်လွတ်လာခဲ့တယ်။ ကျန်းမာရေးအတွက် အိမ်မှာ အနားယူနေတုန်း ၂၀၁၁ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ တာလောကြီးအခြေစိုက် ခမရ ၃၈၆ က ပြန်ဖမ်းသွားတာ ဖြစ်ပါတယ်။
ကေအိုင်အေစစ်သားတွေရဲ့ လက်နက်နဲ့ ခြိမ်းခြောက်စေခိုင်းတာခံရပြီး နောက်ထပ် အစိုးရတပ်ကပါ စွပ်စွဲ ဖမ်းဆီးသွားတဲ့အတွက် သူ့ကိုပြန်လွှတ်ပေးဖို့၊ မတရားမှုကို ဖြေရှင်းပေးဖို့ ဇနီးဖြစ်သူ ဒေါ်ခင်မြင့်က ကချင်ပြည်နယ် အစိုးရအဖွဲ့ဆီကို အခုလ ၈ ရက်နေ့က စာရေးတိုင်ကြားခဲ့ပါတယ်။
ဒီကိစ္စကို ဒေါ်ခင်မြင့်က ကချင်ပြည်နယ် ဝန်ကြီးချုပ်ရုံး၊ နိုင်ငံတော် သမ္မတရုံး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးရုံးနဲ့ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေ၊ တရားရေးဌာနတွေ အထိပါ လိပ်မူပြီး တိုင်ကြားထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး မြစ်ကြီးနား အခြေစိုက် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို မေးမြန်းရာမှာ တာဝန်ရှိ ဝန်ထမ်းတဦးက ခုလို ဖြေကြားပါတယ်။
“တာလောကြီးကပဲ ကေအိုင်အေက ဖမ်းခေါ်သွားပြီးတော့ ပေါ်တာအဖြစ်ပေါ့။ ပြန်လာတော့ စစ်တပ်က ပြန်ဖမ်းပြီး တရားရုံးမှာ တရားစွဲထားတယ်။ သောင်းကျန်းသူ နယ်ထဲမှာ သွားခဲ့တယ်ဆိုပြီး ၁၇(၁)နဲ့ စွဲထားတယ်။ ဒါပေမယ့် အဲ့ဒါရဲ့ နောက်ဆက်တွဲ ကိစ္စကိုတော့ ကျနော်တို့လည်း မသိသေးဘူး။ ကာယကံရှင်နဲ့လည်း ထပ်မတွေ့သေးဘူး။ စာကို သမ္မတရုံးတို့ကို ဖြန့်ပြီး ပို့ထားတယ်။ ဒီကိစ္စ ဖမ်းထားတဲ့ အခြေအနေကို ပြန်ပြီးတော့ လွှတ်ပေးဖို့ပါ။”
ဒီသတင်းနဲ့ပတ်သက်လို့ ကေအိုင်အိုအဖွဲ့ရဲ့ တုံ့ပြန်ချက်ကိုရဖို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် မရသေးပါဘူး။