Home
မြန်မာသတင်း
မန္တလေး-မြစ်ကြီးနားမီးရထားလမ်းအား ကိုးချောင်းဆက်သံလမ်းဖြင့် ပြုပြင်
DVB
·
June 18, 2017
မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ အင်းတော်မြို့နယ် မဲဇာဘူတာနဲ့ မော်လူးဘူတာအထိ ရထားလမ်းပိုင်းကို ကိုးချောင်းဆက်သံလမ်းနဲ့ ဇွန်လ ၁၇ ရက်နေ့က စတင်ပြုပြင်နေပြီလို့ မြန်မာ့မီးရထားမှ အငယ်တန်းအင်ဂျင်နီယာ ၁ သံလမ်း ဦးကျော်အေးက ပြောပါတယ်။ “သံလမ်းကိုးချောင်းခင်းခြင်းဖြင့် ဘာအကျိုးတွေရလည်းဆိုတော့ အရင်က သံလမ်း တမိုင်မှာ ၁၃၆ ဆက်ရှိတယ်။ သံလမ်းရဲ့ သဘောတရားက သံလမ်းအဆက်များရင် ခုန်တာတို့၊ ဆောင့်တာတို့ မတော်တဆမှုလည်း အများဆုံးဖြစ်နိုင်တယ်။” သံလမ်းကိုးချောင်းဆက်ရာတွင် သံလမ်း တမိုင်လျှင် ၃၁ ဆက်ပဲရှိပြီး သံလမ်းအဆက်ရေ နည်းသွားပြီးရထားရဲ့ ခုန်ဆောင့်မှုတွေ သက်သာသွားမည်ဖြစ်ကြောင်း။ တွဲတွေ၊ ခရီးသည်တွေ၊ သက်တောင့်သက်သာစီးနိုင် မည်ဖြစ်ကြောင်း။ အင်းတော်နယ်မှာ မဲဇာဘူတာနဲ့ဆည်ရွာ ဘူတာကြား ၅၇၅/၁၀ မှ နန့်စီးအောင်၆၁၁ /၂၀ အထိ ၃၆ ဒသမ ၃၇ မိုင်အထိ လျာထားပေမယ့် လက်ရှိခွင့်ပြုတာက မော်လူးဘူတာအထိ ၂၅ မိုင်ကို ခွင့်ပြုထားပါတယ်လို့ ဆိုပါတယ်။ မန္တလေး-မြစ်ကြီးနားမီးရထားလမ်းပိုင်း သည်မြန်မာနိုင်ငံအထက်ပိုင်းရှိ ဒေသခံပြည်သူတွေ အဓိက အားထားသွားလာနေရတဲ့ ရထားခရီးစဉ်တစ်ခုဖြစ်ပြီး ရထားလမ်းပိုင်းမှာ မိုးတွင်းကာလ မကြာခဏ ရထားဘီးချော်တာတွေကြောင့် ခရီးသည်တွေ အချိန်ကြာမြင့်စွာ ရထားစီးနှင်ရတာ၊ ရထားတွဲရဲ့ ခုန်ဆောင့်တာ၊ ရမ်းခါတာတွေကြောင့် ရထားစီး ခရီးသည်တွေ အခက်အခဲတွေ ကြုံတွေ့နေကြရတာပါ။ အခုအခါ သံလမ်းကိုးချောင်းဆက်နဲ့ အင်းတော်မြို့နယ်မဲဇာဘူတာနဲ့ မော်လူးဘူတာ အထိ ၂၅ မိုင်ရှည်လျားတဲ့ ရထားလမ်းပိုင်းအား ပြုပြင်တဲ့လုပ်ငန်းကို ဇွန် ၁၇ ရက် နေ့ကစလုပ်နေတာကြာင့် ပြုပြင်ပြီးချိန်မှာ ရထားဘီးချော်တာ၊ ရထားတွဲခုန်ဆောင့်တာတွေ လျော့နည်းသွားမှာဖြစ်ပြီး ခရီးသွားတွေ အဆင်ပြေစွာ သွားလာနိုင်မယ်လို့ သိရပါတယ်။ ရိုက်ကူး-ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024