A d v e r t i s e m e n t With Us

နာမည်ကြီး ဆုရ နွားရိုင်းသတ်သမား နွားရိုင်းဝှေ့ခံရလို့ သေဆုံး(ရုပ်သံ)

နာမည်ကြီး ဆုရ စပိန်နွားရိုင်းသတ်သမား အိုင်ဗင် ဖန်ဒီနိုဟာ နွားရိုင်းသတ်ပွဲအတွင်း သူ့ရဲ့ နွားရိုင်းတိုက်ပွဲတွေမှာသုံးတဲ့ ဝတ်ရုံစအပေါ် ခလုတ်တိုက်မိပြီး နွားရိုင်းဝှေ့လိုက်လို့ သေဆုံးသွားပါတယ်။ အသက် ၃၆ နှစ်အရွယ် အိုင်ဗင်ဖန်ဒီနိုက နွားရိုင်းသတ်သမားအလုပ်ကို အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် ၁၂ နှစ်အကြာ လုပ်ခဲ့တာဖြစ်ပြီး စပိန်နယ်စပ် ပြင်သစ်မြို့ကလေးဖြစ်တဲ့ မောင့်ဒီမာဆန်မြို့မှာ သေဆုံးခဲ့တာလို့ မေရာသတင်းမှာ ဇွန်လ ၁၇ ရက်နေ့က ရေးထားပါတယ်။ နွားရိုင်းသတ်ဖို့ သေချာလေ့ကျင့်ထားတဲ့ ဖန်ဒီနိုရဲ့ ခြေထောက်တွေက အပေါ်ဝတ်ရုံစကို ခလုတ်တိုက်မိပြီး ခြေထောက်နဲ့ဝတ်ရုံစ လုံးထွေးသွားကာ နွားရိုင်းက သူ့ရဲ့အဆုတ်ကို ဝှေ့လိုက်ပြီးတဲ့နောက် သူ ဒဏ်ရာအကြီးအကျယ် ရခဲ့တာပါ။ ဆေးရုံကို ရောက်ချိန် လူနာတင်ယာဉ်ပေါ်မှာပဲ နှလုံးရပ်သွားပြီး ဆရာဝန်တွေလည်း သူ့အသက်ကို မကယ်လိုက်နိုင်ပါဘူး။ ဇနီးနဲ့ သမီး တယောက်ရှိတဲ့ ဖန်ဒီနိုက စပိန်နိုင်ငံ ဘာ့စ်က်ဒေသကဖြစ်ပြီး သူ နွားရိုင်းသတ် အလုပ်လုပ်စဉ် နွားရိုင်းအကောင်ရေ ရာပေါင်းများစွာနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒေါသထွက်နေတဲ့ နွားရိုင်းကြီးက ဖန်ဒီနိုကို ဝှေ့ပြီး လေထဲ လွှင့်ပစ်လိုက်တဲ့ မြင်ကွင်းတွေကို ထိတ်လန့်စရာ ဓာတ်ပုံတွေထဲမှာ မြင်ရပါတယ်။ နွားရိုင်းက ဖန်ဒီနိုရဲ့ရင်ဘတ်ကို ဦးချိုနဲ့ မထိုးခင် ဖန်ဒီနို လေထဲလွှင့်ပြီး မြေပေါ် ပြုတ်ကျလာတာကို ထိတ်လန့်တုန်လှုပ်နေတဲ့ ပွဲကြည့်ပရိသတ်လည်း ကြည့်ခဲ့မြင်ခဲ့ရတာပါ။ အံ့သြတုန်လှုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေက “ဝမ်းနည်းကြေကွဲစရာပါပဲဗျာ၊ ဘာဖြစ်လာမယ်ဆိုတာ ကျနော်တို့ မသိပါဘူး” လို့ ပြောပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာလည်း ဖန်ဒီနိုကို ဂုဏ်ပြုချီးကျူးထားတဲ့ မှတ်ချက်တွေ ရေးကြပြီး “နွားရိုင်းသတ်ပွဲလောကရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ ကျနော်တို့အားလုံး ဝမ်းနည်းပါတယ်” လို့ မှတ်ချက်ရေးသူတဦးက ရေးထားပါတယ်။ ဖန်ဒီနိုင်မတိုင်ခင် နောက်ဆုံး နွားရိုင်းဝှေ့လို့ သေဆုံးခဲ့တာက ၂၀၁၆ ခုနှစ် ဇူလိုင် ၉ ရက်နေ့မှာ သေဆုံးခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ဗစ်တာဘာရီယိုဖြစ်ကြောင်းလည်း ရေးထားပါတယ်။ ပြင်သစ်တောင်ပိုင်းမှာ စပိန်ဟန်ဓလေ့နဲ့ နွားရိုင်းသတ်ပွဲတွေက အားကစားတခုအနေနဲ့ တရားဝင်ဖြစ်ပြီး ပြင်သစ်မှာ နှစ်စဉ်နှစ်တိုင်း နွားရိုင်းကောင်ရေ ၁၀၀၀ ဝန်းကျင် နွားရိုင်းသတ်ပွဲတွေအတွင်း သတ်ခံရတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up