ပဲခူးတွင် မဇ္ဈိမလှိုင်း စတိတ်ရှိုး အခမဲ့ပြသ
အေးနိုင်
·
February 16, 2012
ပဲခူးတိုင်း ပဲခူးမြို့မှာ ဒီကနေ့ည နာမည်ကြီးအဆိုတော် ခင်မောင်တိုး ပါဝင်တဲ့ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ စင်တင်ဖျော်ဖြေပွဲကို အခကြေးငွေ မယူဘဲ ပြသမယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။
ရွှေမော်ဓောဘုရားရဲ့ အနောက်ဘက်မုခ်ကကွင်းမှာ ကျင်းပမယ့် ဒီစတိတ်ရှိုးကို အဆိုတော် ခင်မောင်တိုး၊ ကိုရဲလွင်၊ ကိုနေဝင်း၊ ကိုသားထွေးတို့နဲ့အတူ အမျိုးသမီးအဆိုတော် တော်တော်များများလည်း သီဆိုဖျော်ဖြေမယ်လို့ ကြေညာထားတယ်လို့ ဆိုပါတယ်။
ဒီပွဲအတွက် ဒဂုံဘီယာက စပွန်ဆာပေးပြီး ကလျာဏမိတ္တ နာရေးကူညီမှု အသင်းအတွက် ရန်ပုံငွေပွဲ ဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ပဲခူးမှာ နာရေးကူညီမှုအသင်းတွေ ရှိတယ်လေ။ သူက ကလျာဏမိတ္တ နာရေးကူညီမှု အသင်းအတွက် ရန်ပုံငွေတီးပေးတာ။ ရန်ပုံငွေတီးပေးတယ် ဆိုပေမယ့် ဘယ်ရွေ့ဘယ်မျှ သတ်မှတ်ထားတာ မရှိဘူး။ ပြည်သူလူထုကို စည်းကမ်းစနစ်ကျကျနဲ့ ကွင်းကြီးထဲမှာ အလကား ဆိုပေးကြမှာ တီးပေးကြမှာ။ ဒါပေမယ့် ဘယ်လိုလုပ်မလဲဆိုတော့ အဆိုတော်အမျိုးသမီးတွေက ကွင်းထဲကို ဝင်ပြီးတော့ ငွေဖလားတွေနဲ့ အလှူခံမယ်ပေါ့ဗျာ။ စေတနာရှိတဲ့ လူလည်းလှူပေါ့။ မရှိတဲ့လူလည်း နေပေါ့။ ကုန်ကျစရိတ်တွေ အကုန်လုံးကို ဒဂုံဘီယာက (အရောင်းမြှင့်တင်ရေးပေါ့) အကုန်အကျခံတယ်။”
ညနေသုံးနာရီခန့်မှာကိုပဲ နယ်မြေခံ စီးပွားရေးလုပ်ငန်းရှင်တွေက လာရောက် လှူဒါန်းငွေ သိန်းရှစ်ဆယ် ကျော်သွားပြီလို့ သူက ပြောပါတယ်။
ဒီလို ကွင်းပြင်မှာ အခကြေးငွေမယူဘဲ ကြည့်ရတဲ့ စင်တင်ဖျော်ဖြေပွဲဟာ ပဲခူးမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အရင်က ပွဲတွေတုန်းက အခကြေးငွေ ပေးရတာကြောင့် ငွေကြေးမတတ်နိုင်သူတွေ အနားမကပ်နိုင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ပဲခူးတိုင်း ပြည်ထဲရေး သက်သာရန်ပုံငွေပွဲတုန်းက ရဲတွေကလည်း လုံခြုံရေး အပြည့်ယူထားတယ်လေ။ ပြီးတော့အထဲမှာ ခုံမဲ့ ၅၀၀၀ ကျပ်ပေါ့ဗျာ။ ခုံနဲ့ရှေ့ဆုံးတန်းက ၂ သောင်းတို့ ၃ သောင်းတို့ ယူတဲ့အခါကျတော့ လူကုံထံနဲ့ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းလောက်ပဲ ကြည့်ရှုနိုင်တာ။ အဆိုတော်တွေနဲ့ တွေ့နိုင်ကြတာ။ အခုကျတော့ တောရွာတွေကပါ ဆိုင်ကယ်တွေနဲ့ တက်လာပြီးတော့ လာအားပေးကြမှာလေ။”
စတိတ်ရှိုးနဲ့ ပတ်သက်လို့ လူငယ်တဦးက “ခင်မောင်တိုးကိုတော့ တော်တော်များများက ကြိုက်ကြတာပဲလေ။ သမီးလည်း ကြိုက်ပါတယ်။ သူ့သီချင်းလေးတွေက အေးအေးလေးတွေနဲ့လေ။ ဟိုတနေ့က Rဇာနည် ရှိုးကတော့ ၁ သောင်းခွဲတို့၊ ၂ သောင်းတို့ကျတော့ တော်တော်များများက မကြည့်နိုင်ကြဘူးလေ။”