ဒေါ်အောင်ဆန်းစုကြည် မတ်လဆန်းတွင် မန္တလေးသွားမည်
နေသွင်
·
February 16, 2012
ဒေါ်အောင်ဆန်းစုကြည် လာမယ့် မတ်လဆန်းပိုင်းမှာ မန္တလေးကို ပါတီစည်းရုံးရေး ခရီးထွက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။
နဂိုက မန္တလေးခရီးစဉ်ကို ဒီလ ၄ ရက်၊ ၅ ရက်နေ့တွေမှာ စီစဉ်ထားပေမယ့် ဗထူးအားကစားကွင်းနဲ့ မန္တလေးတောင်ခြေမှာရှိတဲ့ အားကစားကွင်းတွေ ငှားရမ်းတာကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ခွင့်မပြုတဲ့အတွက် ရွှေ့ဆိုင်းထားရတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် စီစဉ်ခဲ့တဲ့ မန္တလေးတိုင်း ဒေသကြီး၊ မပာအောင်မြေ မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က အခုတခေါက် နေရာကိစ္စက ညှိနှိုင်းနေတာနဲ့ ပတ်သက်လို့ ဒီရက်ပိုင်းမှာ အတိအကျ သိရမယ်လို့ ပြောပါတယ်။
ဇန်နဝါရီလကုန်ပိုင်းကနေ အခုအချိန်ထိ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္သာရီတိုင်း ထားဝယ်၊ ဧရာဝတီတိုင်း ပုသိမ်နဲ့ မြောင်းမြ၊ ရန်ကုန်တိုင်း ကော့မှူး နဲ့ လှည်းကူးမြို့တွေကို ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ခရီးတွေ ထွက်ခဲ့ပြီး လူသိန်းချီ ကြိုဆိုခဲ့ကြပါတယ်။