A d v e r t i s e m e n t With Us

ကျောင်း​က​နေခွာရမည့်​ ​ရွှေညဝါဆရာ​တော် သစ်ပင်​အောက် သီတင်း​သုံး​မည်

ရွှေညဝါဆရာ​တော် ဘဒ္ဒန္တ ဦး​ပညာသီဟဟာ လာမယ့်​ ၁၉ ရက်​နေ့​ကျရင် လက်ရှိ သီတင်း​သုံး​နေထိုင်တဲ့​ ရန်ကုန်တိုင်း​ဒေသကြီး​ ကြည့်​မြင်တိုင်မြို့​နယ်တွင်း​က သာဓု ပရိယတ္တိစာသင်တိုက်က​နေ ထွက်ခွာမှာဖြစ်ပြီး​ ​မှော်ဘီမြို့​နယ်က ခြံတခြံရဲ့​ သစ်ပင်​အောက် သီတင်း​သုံး​မှာ ဖြစ်ပါတယ်။ ဒီအ​ကြောင်း​ကို ဆရာ​တော်က “​မှော်ဘီကို ကျုပ် ဒကာ၊​ ဒကာမ​တွေက လှူထား​တဲ့​ခြံရှိတယ်။ ​လော​လောဆယ် ​ကျောင်း​လည်း​ မ​ဆောက်ရ​သေး​ဘူး​။ ​ဆောက်ဖို့​လည်း​ မရှိ​သေး​ဘူး​။ အဲဒါအတွက် သစ်ပင်​အောက်မှာပဲ ​နေမယ် ​လော​လောဆယ်” လို့​ မိန့်​ပါတယ်။ ဒီပြုကျင့်​မှုဟာ ဘုရား​ဟောအတိုင်း​ဖြစ်ပြီး​ ​ကျောင်း​ရှိရင်ရှိ၊​ မရှိရင် သစ်တပင်​အောက်မှာ ​နေရမယ်လို့​ ဘုရား​ဟောအတိုင်း​ ကျင့်​ကြံတာပါလို့​ ဆရာ​တော်က မိန့်​ပါတယ်။ ဆရာ​တော်ကို ​ကျောင်း​တိုက်က​နေ ထွက်ခွာ​ပေး​ဖို့​ နိုင်ငံ​တော် သံဃမဟာနာယက အဖွဲ့​ရဲ့​ ဆုံး​ဖြတ်ချက်ကို လိုက်နာတဲ့​အ​နေနဲ့​ ထွက်ခွာတာ ဖြစ်ပါတယ်။ ဆရာ​တော် သွား​ရောက်သီတင်း​သုံး​ဖို့​ စီစဉ်ထား​တဲ့​ခြံဟာ ရန်ကုန်မြို့​ အထွက်က သဲအင်း​ဂူ ဝိပသာနာရိပ်သာ ​ကျောင်း​တိုက်ကြီး​ဆိုတဲ့​ ဆိုင်း​ဘုတ် ​ရောက်တဲ့​အခါ အဲဒီဆိုင်း​ဘုတ်​အောက်က​နေ ၄ မိနစ်ခန့်​ ကား​မောင်း​ဝင်ရပြီး​ ၄ ဧကခွဲခန့်​ ကျယ်ဝန်း​တယ်လို့​ ဆိုပါတယ်။ ဆရာ​တော် ​နေရာသစ်ကို ကြွသွား​တဲ့​အခါ ​ကျောင်း​တိုက်မှာ လက်ရှိ ပညာသင်ကြား​နေတဲ့​ ဦး​ဇင်း​၊​ ကိုရင်၊​ ​ကျောင်း​သား​ စုစု​ပေါင်း​ ၁၀၀ ​ကျော်ကို တပါတည်း​ ​ခေါ်​ဆောင်သွား​မှာလို့​ မိန့်​ပါတယ်။ “အကုန်လုံး​ ကျုပ်​ခေါ်သွား​မှာ။ ဟ မလိုက်လို့​ သူတို့​က စာသင်သား​ ဘယ်မှာ ​နေရမှာတုန်း​။ တပါး​တည်း​ ကြွခိုင်း​ပေမယ့်​ ကျုပ်ကို မှီခို​နေတဲ့​သံဃာ​တွေ ရှိတယ်။ သူတို့​အတွက်လည်း​ ​နေစရာထိုင်စရာ ကျုပ်မှာကလည်း​ အခက်အခဲ ရှိ​နေတယ်။ တရုတ်နည်း​ပညာနဲ့​ ကျုပ်တို့​နိုင်ငံထဲမှာ အ​ဆောက်အဦကို ချက်ချင်း​ဆောက် ချက်ချင်း​နေလို့​ရတဲ့​ နည်း​ပညာ​တွေ ရှိပြီ​လေ။ ပိုက်ဆံ​ပေး​ပြီး​ လုပ်ခိုင်း​မှာ​ပေါ့​။” နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့​က ဆရာ​တော်ကို မနှစ် ​ဖေ​ဖော်ဝါရီ လဆန်း​ပိုင်း​မှာ တရား​ဟောခွင့်​ တနှစ်ပိတ်ပင်ခဲ့​ပါတယ်။ အဲဒီ​နောက် တနှစ်မပြည့်​ခင်မှာ စည်း​ကမ်း​ချိုး​ဖောက်တယ်ဆိုပြီး​ ​ကျောင်း​တိုက်က​နေ ဒီလ ၁၉ ရက်​နေ့​မှာ ထွက်ခွာဖို့​ နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့​က ဆုံး​ဖြတ်ခဲ့​ပါတယ်။ ဒီလဆန်း​မှာ​တော့​ တနှစ်ပိတ်တာပြည့်​ပြီ ဖြစ်​ပေမယ့်​ ​နောက်တနှစ်​ဟောခွင့်​ ပိတ်ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up