အေဂျက်ဇ်အသင်းခေါင်းဆောင် ကလက်ဆန်ကို အဲဗာတန် ခေါ်ယူ

469
အဲဗာတန်အသင်းဟာ ဟော်လန်ကလပ် အေဂျက်ဇ်အသင်းခေါင်းဆောင် ကလက်ဆန်ကို ပေါင် ၂၃ ဒသမ ၆ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပါတယ်။
အဲဗာတန်အသင်းဟာ ဆန်းဒါးလန်းဂိုးသမား ပစ်ခ်ဖို့ဒ်ကို ဗြိတိသျှစံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူအပြီးမှာ နောက်ထပ်ကစားသမားတဦးကို ထပ်ခေါ်လိုက်တာပါ။
အသက် ၂၄ နှစ်ရှိ ဟော်လန်လက်ရွေးစင် ကွင်းလယ်ကစားသမား ကလက်ဆန်ဟာ ပြီးခဲ့တဲ့နှစ်က အေဂျက်ဇ်အသင်း ယူရိုပါလိဂ်ဗိုလ်လုပွဲ တက်ရောက်ရာမှာ ခြေစွမ်းပြခဲ့သူပါ။
အဲဗာတန်အသင်းမှာ ဟော်လန်နည်းပြ ရော်နယ်ကိုးလ်မန်း ရှိတာက အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရာမှာ အဓိကကျခဲ့ပြီး အဲဗာတန်လို အသင်းကောင်းတသင်းဆီ ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ကလက်ဆန်က ဆိုပါတယ်။
ကလက်ဆန်ဟာ အသက် ၂၄ နှစ်ပဲ ရှိသေးပေမယ့် အတွေ့အကြုံရှိပြီး အေဂျက်ဇ်မှာလည်း အသင်းခေါင်းဆောင်အဖြစ် ၂ နှစ်ကြာ ဦးဆောင်ကစားခဲ့တဲ့ ကစားသမားကောင်းတဦး ဖြစ်တယ်လို့ ရော်နယ်ကိုးလ်မန်းက ချီးကျူးခဲ့ပါတယ်။