ကရင်ပြည်နယ်တွင် လူငယ်တဦး မီးလောင်ကျွမ်းသေဆုံး
DVB
·
June 16, 2017
ကရင်ပြည်နယ် ဘားအံမြို့နယ် ၀ဲကရင်ကျေးရွာမှာ ဇွန် ၁၆ ရက် နံနက် ၃ နာရီခွဲလောက်က အိမ်မီးလောင်မှုဖြစ်ပွားပြီး အိမ်ရှင်ရဲ့အသက် ၂၀ အရွယ်သားငယ် မီးလောင်သေဆုံးခဲ့ပါတယ်။
မြ၀တီ-ဘားအံကားလမ်းနဘေးမှာ လူမနေတဲ့ ဦးဝင်းထွေးရဲ့ အုတ်ကာသွပ်မိုးနေအိမ် မီးလောင်မှုဖြစ်ပွားရာမှာ သားဖြစ်သူ ကေသာ(ခ)ကိုပိုင်ကို မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ခဲ့ပါတယ်။
မီးလောင်မှုကို စတင်တွေ့ရှိခဲ့တဲ့ အိမ်နီးချင်းဖြစ်သူ ဦးခနောင်ကျော်က “လူအော်သံ ကြားတယ်။ဒါနဲ့ ကျနော်က သူခိုးလိုက်တယ် ထင်လို့ ထကြည့်တော့ မီးလောင်နေတာကို တွေ့တာ။ မီးလောင်တဲ့ အိမ်ဖက်က အော်သံလည်း ကြားနေရတယ်။ မီးကလည်း တအိမ်လုံးကိုလောင်နေပြီ။ ဒါနဲ့ အိမ်နီးချင်းတွေကို လိုက်နှိုးပြီး မီးငြိမ်းဖို့ လုပ်ကျတယ်။ သက်ဆိုင်ရာနဲ့ မီးသတ်ကိုလည်းအကြောင်းကြားလိုက်တယ်။ နောက်ပြီး ဒီအိမ်က လူမနေဘူး။ အိမ်ထဲက အော်သံကလည်း အိမ်ရှင်သားဆိုတာ မီးငြိမ်းမှ သိရတယ်”လို့ ပြော ပြပါတယ်။
မီးလောင်သေဆုံးခဲ့တဲ့ သားဖြစ်သူနဲ့ပတ်သက်လို့ အိမ်ရှင်ဖြစ်သူ ဦးဝင်းထွေး ပြောပြချက်အရ မီးလောင်တဲ့နေအိမ်မှာ လူမနေဘဲ သော့ခတ်ထားကြောင်း၊ လွန်ခဲ့တဲ့ ၅ ရက်လောက်က သားဖြစ်သူမှာ ဆေးကြောင်ပြီး နေအိမ်က ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်မှုကို သာယာကုန်းရဲကင်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေ၊ သာမညကျေးရွာက အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးခန့်၊ သာမည၊ ၀ဲကရင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူတွေက မီးသတ်ယာဉ် ၁ စီးနဲ့ ၀ိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြပါတယ်။
မီးလောင်မှုကြောင့် ငွေကျပ် ၂၅ သိန်းဖိုးခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနဲ့ မီးပေါ့ဆစွာသုံးစွဲသူကို ရဲက စုံစမ်းဆဲဖြစ်ကြောင်းသိရပါတယ်။ အိန္ဒုနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ မီးပေါ့ဆမှုနဲ့ အမှုဖွင့်လှစ်ဆောင်ရွက်နေပါတယ်။
ရဲမင်းခေါင်