ပီရူးတွင် ဆယ်ရက်အတွင်း မူးယစ်ဆေးဝါး ၂ တန်ခွဲကျော် ဖမ်းဆီးရမိ

ဓာတ်ပုံ - ရိုက်တာ
ပီရူးနိုင်ငံမှာ ဆယ်ရက်အတွင်း မူးယစ်ဆေးဝါး ၂ တန်ခွဲကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ပီရူးရဲတပ်ဖွဲ့ဟာ ကိုကင်း၊ ဆေးခြောက်နဲ့ တရားမဝင် မူးယစ်ဆေးဝါး ၂ တန်ခွဲ ကျော်ကျော်လောက်ကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးကာလအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ဇွန်လ ၁၄ ရက်နေ့မှာ ပီရူးရဲချုပ်က ပြေကြားလိုက်တာပါ။ "ဒီမူးယစ်ဆေးတွေကို အခွန်အရာရှိတွေနဲ့ မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့တို့ ပူပေါင်းဖမ်းဆီးခဲ့တာပါ။ ဒီမူးယစ်ဆေးတွေဟာ ကိုလံဘီယာနိုင်ငံကနေ လာပြီးတော့ အီကွေဒေါနိုင်ငံမှာ ပြင်ဆင်ထုပ်ပိုးမှုတွေ လုပ်ပါတယ်။ ပြီးတော့ ဒီက ပါထာဆိပ်ကမ်းကနေ တောင်အာဖရိကနိုင်ငံကို ပို့ဖို့လုပ်နေတာပါ" လို့ ပီရူးအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် ရိုမီယို ဖာနန်ဒက်ဇ်က ပြောပါတယ်။ အခုမူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးကာလ ၁၀ ရက်အတွင်း လူ ၁၄ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး တခြားပတ်သက်နေသူတွေကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။ နောက်ထပ် စစ်ဆင်ရေးတခုမှာလည်း ပလတ်စတစ်အိတ်တွေနဲ့ ထုပ်ပိုးထားတဲ့ ကိုကင်း ၇၉၀ ဒသမ ၅ ကီလိုဂရမ်ကို သင်္ဘောနဲ့တင်ပို့ဖို့ ကြိုးပမ်းနေတုန်း ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီကိုကင်းပမာဏဟာ ဥရောပဈေးကွက်မှာ အမေရိကန်ဒေါ်လာ သန်း ၆၀ လောက် တန်ဖိုးရှိတယ်လို့ ရဲချုပ် ရိုမီယို ဖာနန်ဒက်ဇ်က ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up