သရဲခြောက်အိမ်ကြီးမှ တနှစ် ပေါင် ၅ သောင်းပေးမည့် ကလေးထိန်းအလုပ် ကြော်ငြာ

ဓာတ်ပုံ - The Scottish Sun
စကော့တလန်နယ်စပ်ဒေသက နေအိမ်တလုံးမှာ သရဲခြောက်လွန်းလို့ ၁၂ လအတွင်း ကလေးထိန်း ၅ ဦး အလုပ်ထွက်သွားခဲ့တာကြောင့် ကလေးထိန်းတဦးအတွက် တနှစ်ကို ပေါင် ၅ သောင်းအထိ ပေးပြီး ကြော်ငြာထားပါတယ်။ စကော့တလန်နယ်စပ်ဒေသမှာနေပြီး အမည်မဖော်ပြထားတဲ့ စုံတွဲက အလုပ်လုပ်မယ့်သူတွေအနေနဲ့ ပရိဘောဂတွေ သူ့အလိုလို ရွေ့သွားတာ၊ ထူးဆန်းတဲ့ ဆူညံသံတွေ အပါအဝင် “သဘာဝလွန်ဖြစ်ရပ်တွေ” နဲ့ ကြုံနိုင်တယ်လို့တော့ သတိပေးထားပါတယ်။ အသက် ၅ နှစ်အရွယ်နဲ့ ၇ နှစ်အရွယ် ကလေး ၂ ဦးရဲ့ မိဘတွေဖြစ်တဲ့ ဒီစုံတွဲက သူတို့တော့ ဒီလိုကြောက်လန့်စရာမျိုး မကြုံဖူးဘူးလို့ ပြောလိုက်ပြီး သင့်တော်တဲ့လူကို ရှာတွေ့ရင် အထက်ပါလစာမျိုး ပေးမယ်လို့ ပြောကြောင်း သည်စကော့စ်မန်းသတင်းမှာ ဇွန်လ ၁၅ ရက်နေ့က ရေးသားထားပါတယ်။ ဒီစုံတွဲက ကြော်ငြာကို childcare.co.uk ဆိုတဲ့ မိဘနဲ့ ကလေးတွေ စောင့်ရှောက်သူနဲ့ အချိန်ပိုင်းကျူတာ အလုပ်အကိုင်တွေအတွက် ရည်ရွယ်တဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ပြီး ကြော်ငြာခဲ့တာပါ။ အလုပ်အတွက် ရွေးချယ်ခံရတဲ့သူဟာ နယ်စွန်နယ်ဖျားအရပ်မှာရှိတဲ့ လှပပြီး ကျယ်ဝန်းကာ သမိုင်းအဆောက်အအုံဖြစ်တဲ့ အိမ်ကြီးထဲမှာ မီးဖိုချောင်၊ အိမ်သာ သပ်သပ်ပါမယ့် ကိုယ်ပိုင်သီးသန့်အခန်းပါ ရရှိမယ်လို့ ပြောပါတယ်။ တခါတရံ မိဘတွေ တပတ် ၄ ညလောက်အထိ အပြင်မှာ အလုပ်သွားလုပ်တဲ့အခါ ကလေးထိန်းတဦးတည်းကပဲ ကလေးတွေကို ထိန်းရမယ်လို့လည်း ကြော်ငြာထားပါတယ်။ “ဒီအိမ်မှာနေတာ ၁၀ နှစ်နီးပါး ရှိပါပြီ၊ အိမ်ဝယ်တုန်းက သရဲခြောက်တယ်လို့ ပြောပါတယ်။ ဘာပဲပြောပြော စိတ်ကိုလွှတ်ပြီး ဒီအိမ်ဝယ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း ကလေးထိန်း ၅ ဦး အလုပ်ထွက်သွားပြီး ပရိဘောဂတွေ သူ့အလိုလို ရွေ့သွားတာ၊ ဖန်ခွက်တွေ ကွဲတာ၊ ထူးဆန်းတဲ့အသံတွေ အပါအဝင် သဘာဝလွန်ဖြစ်ရပ်တွေ ကြုံရကြောင်း ကလေးထိန်းတွေက ပြောတယ်” လို့ မေ ၂၉ ရက်နေ့ကတည်းက childcare.co.uk စာမျက်နှာမှာ တင်ထားတဲ့ ကြော်ငြာမှာ ပြောထားပါတယ်။ ကလေးထိန်းလုပ်ရမယ့် တာဝန်တွေထဲမှာ မနက်စာပြင်ရတာ၊ ကလေးတွေ ကျောင်းသွားဖို့ အဆင်သင့်လုပ်ပေးတာ၊ ကျောင်းပို့ ကျောင်းကြို အိမ်စာလုပ်ပေးတာနဲ့ ကလေးတွေ အိပ်ရာ ပြင်ပေးရတာတွေ ပါပါတယ်။ လစာအပြင် အားလပ်ရက် ၂၈ ရက်နဲ့ တခြား အားလပ်ရက် ခံစားခွင့်တွေလည်း ပါတယ်လို့ သိရပါတယ်။ အိမ်ထဲမှာ နေထိုင်သူတွေအတွက် ဘာအန္တရာယ်မှ မကျရောက်နိုင်ကြောင်း၊ ဒါပေမယ့် ကလေးထိန်းအနေနဲ့ စိတ်ဓာတ်ခိုင်မာသူတော့ ဖြစ်ရမယ်လို့ စုံတွဲက ပြောကြောင်း childcare.co.uk အင်တာနက်စာမျက်နှာ တည်ထောင်သူ ရစ်ချက်ဒ်ကွန်ဝေးက ဒေလီးမေရာ သတင်းဌာနကို ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up